Connect with us

MYANMAR

COVID-19 အတည်ပြုလူနာ (၁,၀၉၃)ဦး ထပ်မံတွေ့ရှိ

နှာခေါင်းစည်းဖြင့်ဈေးရောင်းနေသူများအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ အောက်တိုဘာ ၃၀ ရက် (ဆင်ဟွာ)

COVID-19 အတည်ပြုလူနာသစ် (၁,၀၉၃) ဦးအားတွေ့ရှိခဲ့ပြီး မြန်မာနိုင်ငံတွင် အတည်ပြုလူနာစုစုပေါင်း(၅၁,၄၉၆) ဦးရှိလာပြီဖြစ်ကာ လူနာ(၂၀)ဦးထပ်မံသေဆုံးခဲ့ကြောင်း၊ ယနေ့အထိ သေဆုံးသူ စုစုပေါင်း (၁,၂၁၉) ဦးရှိပြီဖြစ်ကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန ၏ အောက်တိုဘာ ၃၀ ရက်ညပိုင်းတွင် ထုတ်ပြန်ချက်အရ သိရသည်။

ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန ပြောရေးဆိုခွင့် အဖွဲ့ဝင် ၊ ကျန်းမာရေး အသိပညာမြှင့်တင်ရေး ဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးက “COVID-19 ထပ်မံတွေ့ရှိမှု က နည်းနည်းတန့်သွားပြီဆိုပြီး မပေ့ါစေချင်ဘူး။ အထူးသဖြင့် သီတင်းကျွတ်ကာလမှာ လူကြီးသူမ တွေကို ကန်တော့ကြမယ်ဆိုရင် တတ်နိုင်သမျှ ခပ်ခွါခွါနေပါ။ အဓိကကတော့ လူကြီးသူမတွေကို ပွေ့ဖက်တာတွေမလုပ်ဖို့ ပြောချင်ပါတယ်’’ ဟုဆင်ဟွာသို့ အောက်တိုဘာ ၃၀ ရက်တွင်ပြောသည်။

ပြီးခဲ့သော ၂၄ နာရီအတွင်း COVID-19 ဓာတ်ခွဲအတည်ပြုလူနာများအနက်ဆေးရုံဆင်းခွင့်ရရှိသူ (၁,၃၂၃)ဦး ရှိခဲ့သဖြင့် ယခုထိ ဆေးရုံဆင်းခွင့်ရရှိသူ စုစုပေါင်း (၃၁,၃၃၀)ဦး ရှိလာခဲ့ကြောင်း သိရသည်။လွန်ခဲ့သော ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာပေါင်း (၁၃,၄၉၀) ခု အားစစ်ဆေးခဲ့ပြီး ယနေ့အထိစုစုပေါင်း(၆၇၅,၉၈၉) ခုအားစစ်ဆေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ယနေ့သေဆုံးသူ(၂၀)ဦးအနက် ရောဂါအခံရှိသူ (၁၈)ဦးပါဝင်ကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ်များရှိ ဆေးရုံများနှင့် ရန်ကုန်မြို့ရှိ COVID-19 ရောဂါကုသရေးဌာနများမှ ဆေးရုံဆင်းခွင့်ရရှိသူစုစုပေါင်း (၁,၃၂၃) ဦးတွင်  ပြည်သူ့ဆေးရုံများမှ (၂၆၇)ဦး၊ COVID-19ရောဂါ ကုသရေးဌာနများ(ရန်ကုန်မြို့) မှ (၁,၀၅၆)ဦး ပါဝင်ကြောင်း သိရသည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း အသွားအလာကန့်သတ်ထားရှိရာနေရာများမှ ဓာတ်ခွဲအတည်ပြုလူနာများနှင့် အနီးကပ်ထိတွေ့ခဲ့သူများအနက် Negative အဖြေထွက်ရှိခဲ့ပြီး နေအိမ်များတွင် အသွားအလာ ကန့်သတ်ထားသူ စုစုပေါင်း (၁,၉၄၄)ဦးအနက်Hotel Quarantine တွင် (၂၉၈)ဦး၊ Facility Quarantine တွင် (၂၈၃)ဦး၊ Community Based Facility Quarantine တွင် (၁,၂၃၄)ဦးနှင့် Anosmia Center တွင် (၁၂၉) ဦးပါဝင်ပြီး ၎င်းတို့အားနေအိမ်များတွင်အသွားအလာ ဆက်လက်ကန့်သတ်ထားကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်အရ သိရသည်။

ပြည်နယ်နှင့်တိုင်းဒေသကြီးအလိုက်ယမန်နေ့ကပိုးတွေ့ရှိသူ(၁,၃၃၁)ဦးရှိခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးမှ (၉၆၈) ဦးဖြင့် အများဆုံးတွေ့ရှိခဲ့ကာ ပဲခူးတိုင်းဒေသကြီးမှ (၁၁၅)ဦး၊ မန္တလေးတိုင်းဒေသကြီးမှ (၉၂)ဦး၊ ဧရာဝတီတိုင်းဒေသကြီးမှ (၆၀)ဦး၊ ရခိုင်ပြည်နယ်မှ (၃၀)ဦး၊ တနင်္သာရီတိုင်းဒေသကြီးမှ (၂၃)ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးမှ (၁၈)ဦး၊ နေပြည်တော်မှ (၉)ဦး၊ မွန်ပြည်နယ်မှ (၇)ဦး၊ မကွေးတိုင်းဒေသကြီးမှ (၄)ဦး၊ ကရင်ပြည်နယ်မှ (၂)ဦး၊ ချင်းပြည်နယ်မှ (၁)ဦး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ (၁)ဦးနှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)မှ (၁) ဦး တွေ့ရှိခဲ့ကြောင်းသိရသည်။

အောက်တိုဘာ ၂၉ ရက်တွင် ထုတ်ပြန်ခဲ့သောဓာတ်ခွဲအတည်ပြုလူနာ (၁,၃၃၁)ဦးတွင် အနံ့မရရှိသူ (၂၆၇) ဦး ပါရှိကြောင်း သိရသည်။  (Xinhua)