Connect with us

MYANMAR

ပြည်သူများအနေဖြင့် COVID-19 ရောဂါနှင့်ပတ်သက်သော စည်းမျဉ်းစည်းကမ်းများအား သေသေချာချာလိုက်နာကြရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်မေတ္တာရပ်ခံ

Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြည်သူများသို့ အစီရင်ခံတင်ပြသော COVID-19 ရောဂါဖြစ်ပွားမှု နောက်ဆုံးအခြေအနေနှင့်စပ်လျဉ်းသည့် မိန့်ခွန်းပြောကြားစဉ် (ဓာတ်ပုံ--နိုင်ငံတော်အတိုင်ပင်ခံရုံး)

ရန်ကုန်၊ ဒီဇင်ဘာ ၄ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

လူသားအရင်းအမြစ်များမလိုအပ်ဘဲမပြုန်းတီးစေရန်၊ ငွေအရင်းအမြစ်များမလိုအပ်ဘဲမပြုန်းတီးစေရန်အတွက် ပြည်သူများအနေဖြင့် COVID-19 ရောဂါနှင့်ပတ်သက်သော စည်းမျဉ်းစည်းကမ်းများအား သေသေချာချာလိုက်နာကြရန် မေတ္တာရပ်ခံကြောင်း Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကပြည်သူများသို့ အစီရင်ခံတင်ပြသော COVID-19 ရောဂါဖြစ်ပွားမှု နောက်ဆုံးအခြေအနေနှင့်စပ်လျဉ်းသည့် မိန့်ခွန်းတွင် ယနေ့ထည့်သွင်းပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် COVID-19 ရောဂါပိုးတွေ့ရှိသည့်လူနာပေါင်း ၉သောင်းကျော်၍ တစ်သိန်းနီးပါးဖြစ်နေပြီဖြစ်ကြောင်း၊ရွေးကောက်ပွဲပြီးကာလ တစ်ပတ်ကျော်ကျော်အတွင်း လူစုလူဝေးဖြစ်သောကြောင့် အကျိုးဆက်အရ ရောဂါဖြစ်ပွားမှုပြန့်လာနိုင်ကြောင်း၊ တက်လာနိုင်ကြောင်း ခန့်မှန်းထားခဲ့ကြောင်း၊ ခန့်မှန်းထားသည့်အတိုင်းပဲတက်လာကြောင်း၊ ထို့အပြင် တန်ဆောင်တိုင်ရုံးပိတ်ရက်များ၊ ပိတ်ရက်များထဲတွင် လူစုလူဝေးဖြစ်ခဲ့သည်များရှိကြောင်း၊ ယင်းအကျိုးဆက်များရှိဦးမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

“အပြင်သွားရင် Mask တပ်ပါ။ လက်တွေမှန်မှန်ဆေးပါ။တတ်နိုင်သမျှ ၆ ပေကွာပြီးတခြားသူတွေနဲ့ ကင်းကင်းရှင်းရှင်းနေပါလို့ပြောပေမယ့်လည်း ဒီစည်းမျဉ်းတွေကို လိုက်နာမှုကလည်း အားနည်းတာ တွေ့ခဲ့ရပါတယ်။ဒါကြောင့် အခုအချိန်မှာဆိုရင် ပြည်နယ်တွေ၊ တိုင်းဒေသကြီးတွေမှာ၊ တစ်တိုင်းပြည်လုံးမှာ ရောဂါနည်းနည်းပြန့်ပွားလာတဲ့ အခြေအနေရှိပါတယ်။ နည်းနည်းဆိုတာလည်း သိပ်နည်းနည်းတော့ မဟုတ်ပါဘူး။’’ ဟု ဒေါ်အောင်ဆန်းစုကြည်ကပြောသည်။

COVID-19 ရောဂါပိုးဝင်ပြီး ကုသပေးပါက ရောဂါမပြင်းထန်သူတစ်ယောက်လျှင် ကုန်ကျစရိတ် ကျပ်၁၅ သိန်းနှင့် သိန်း ၂၀ကြားဖြစ်ကြောင်း၊ ပြင်းထန်သည့်အဆင့်ရောက်ပါက လူတစ်ယောက်လျှင် ကျပ် ၂၅သိန်းနှင့် သိန်း၅၀ကြားအကုန်အကျခံရကြောင်း သိရသည်။

“ကျပ်၁၅သိန်းနဲ့ သိန်း၂၀ကြား ရောဂါမပြင်းထန်သူတစ်ယောက်အတွက် သုံးရတယ်ဆိုရင် ဒါဟာဘာနဲ့ညီမျှသလဲဆိုတော့ ကျွန်မတို့ရောဂါကာကွယ်ဆေးရတဲ့အခါကျရင် ဒီကာကွယ်ဆေး လူ ၃၀၀ ကို ထိုးပေးနိုင်တဲ့ ငွေပမာဏနဲ့ ညီမျှပါတယ်။ ဒီကာကွယ်ဆေးကလည်း မရသေးဘူး။ ရရင်လည်းတခြားနိုင်ငံတွေနဲ့ယှဉ်ပြိုင်ပြီး ကျွန်မတို့ဝယ်ရမယ်။လှူတာကလည်း အတိုင်းအတာတစ်ခုရှိမယ်။ ဒါပေမယ့် အများစုက ကျွန်မတို့ဝယ်ရမှာပဲ’’ ဟု ဒေါ်အောင်ဆန်းစုကြည်ကဆက်ပြောသည်။
ထို့အပြင် Quarantine ဝင်သူတစ်ယောက်လျှင် ပျမ်းမျှခြင်းအားဖြင့် ကျပ်၆သိန်းဝန်းကျင်နိုင်ငံတော်မှ ကုန်ကျကြောင်းဆိုသည်။

“ကျွန်မတို့ဟာ COVID အလွန်ကာလမှာ နိုင်ငံတော်စီးပွားရေး ပြန်ပြီးတက်အောင်လုပ်ရပါလိမ့်မယ်။ ပြန်လည်ထူထောင်ဖို့အတွက်ငွေတွေအများကြီးလိုပါလိမ့်မယ်။ဒီငွေတွေကို ကျွန်မတို့ကနေ ရောဂါကုသရေးအတွက်သုံးတဲ့ငွေတွေကို ရောဂါကုသရေးအတွက် သုံးဖို့မလိုလို့ ဒီစီးပွားရေး ပြန်လည်ထူထောင်ရေးအတွက် သုံးနိုင်မယ်ဆိုရင် ကျွန်မတို့နိုင်ငံအတွက် ဘယ်လောက်အကျိုးရှိမလဲ။ ကျွန်မတို့ပြည်သူတွေအတွက် ဘယ်လောက်အကျိုးရှိမလဲဆိုတာ စဉ်းစားစေချင်ပါတယ်’’ ဟု ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

နိုင်ငံပြန်လည်ထူထောင်ရေးအတွက် နောင်နှစ်မှာ အင်မတန်ရုန်းကန်ရမည်ကို ပြည်သူများသတိပြုစေချင်ကြောင်း၊ထို့ကြောင့် စည်းကမ်းလျော့ရဲလာပါက ပြန်တင်းဖို့လိုကြောင်းဆိုသည်။

“နောက်နှစ်ကျရင် တတ်နိုင်သမျှ ကျွန်မတို့စီးပွားရေး၊ ပြန်လည်ထူထောင်ရေးထဲကို များများထည့်ပြီးတော့ ပြည်သူတွေရဲ့အင်အားရော၊ ကျွန်မတို့ရဲ့ ဘဏ္ဍာတော်အင်အားရော များများထည့်ပြီးတော့ COVID အလွန်ကာလမှာ ကောင်းတဲ့လမ်းပေါ်ကိုရောက်အောင်လို့ အားလုံးက အခုကတည်းက ဝိုင်းပြီးကြိုးစားဖို့လိုပါတယ်’’ ဟုဒေါ်အောင်ဆန်းစုကြည်ကဆက်ပြောသည်။

ကာကွယ်ဆေးသုံးပြီးပြီဆိုပါက စီးပွားရေး ပြန်လည်နာလံထူစေရန် အားလုံးဝိုင်းဝန်းပြိုင်ကြရမည်ဖြစ်ကြောင်း၊ ကမ္ဘာနှင့်ယှဉ်ပြိုင်သည့်ပွဲတွင် ရှေ့သို့ရောက်ချင်ပါက လူသားအရင်းအမြစ်နှင့် ငွေအရင်းအမြစ်များလိုအပ်ကြောင်းဆိုသည်။ (Xinhua)

#COVID_19 #DawAungSanSuKyi #Xinhua #COVID_19 #ဒေါ်အောင်းဆန်းစုကြည် #ဆင်ဟွာ