Connect with us

MYANMAR

COVID-19 ဒုတိယလှိုင်းအတွင်း ရန်ကုန်တိုင်းဒေသကြီးတွင် ရောဂါကူးစက်ခံရသူ ၇၀,၀၀၀ ဝန်းကျင်ရှိကြောင်းဆို

နှာခေါင်းစည်းဖြင့် သွားလာနေကြသူများအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဒီဇင်ဘာ ၅ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

COVID-19 ဒုတိယလှိုင်းစတင်သည့် သြဂုတ် ၁၆ ရက်မှ ဒီဇင်ဘာ ၅ ရက်အထိ ရန်ကုန်တိုင်းဒေသကြီးတွင် ရောဂါကူးစက်ခံရသူ ၇၀,၀၀၀ ဝန်းကျင်ရှိကြောင်း၊ ပြည်သူများအနေဖြင့် ဗိုင်းရပ်စ်အားပေ့ါဆလာကြောင်း၊ ယခုနေ့စဉ် တွေ့နေရသည့် COVID-19 ရောဂါထပ်မံကူးစက်ခံရသူ ၁,၀၀၀ ၊ ၁,၅၀၀ ဝန်းကျင် မှ ပြည်သူများပေ့ါဆသောကြောင့် ရုတ်တရက်ထိုးတက်သွားမည်ကိုစိုးရိမ်မိကြောင်း လူထုအခြေပြုဖျားနာကုအခမဲ့ဆေးခန်း၊ တာမွေမြို့နယ် တာဝန်ခံဆရာဝန် ဒေါက်တာကျော်မင်းထွန်း က ဆင်ဟွာသို့ ယနေ့ပြောကြားသည်။

“လူနာကူးစက်မှုက နေ့စဉ် မြင့်တက်နေဦးမှာပဲ။ ပြည်သူတွေ ပေ့ါဆနေရင် ဒီနှုန်းလောက်မှာပဲ အမြဲရှိနေနိုင်တယ်။ အဓိကပြဿနာက ကြောက်စိတ်မရှိတော့တာ။ ကြောက်စိတ်မရှိတော့ ပေ့ါလာတယ်။ COVID-19 ဗိုင်းရပ်စ်က သေစေနိုင်တယ်။ လူကြီးတွေဆိုခဏလေးနဲ့ သေစေနိုင်တယ်။ စိုးရိမ်တာက ရုတ်တရက်ကြီးကူးစက်မှု မြင့်ပြီးထောင်တက်သွားမှာကိုလည်းစိုးရိမ်တယ်။ ပြည်သူတွေဘက်ကသာ ပူးပေါင်းရင် ကူးစက်မှုဦးရေ ၁၀၀၀ အောက်ကို တန်းရောက်နိုင်ပါတယ်။’’ ဟု ၎င်းကဖြည့်စွက်ပြောကြားသည်။

ယနေ့ ဒီဇင်ဘာ ၅ ရက်တွင် COVID-19 အတည်ပြုလူနာသစ် (၁,၅၂၇) ဦးအားတွေ့ရှိခဲ့ပြီးနောက် မြန်မာနိုင်ငံတွင် အတည်ပြုလူနာစုစုပေါင်း(၉၈,၀၄၇) ဦးရှိလာပြီဖြစ်ကြောင်း၊ ယနေ့တွင် (၂၂)ဦးထပ်မံသေဆုံးခဲ့သဖြင့် လက်ရှိအချိန်အထိ သေဆုံးသူ စုစုပေါင်း (၂,၀၈၁) ဦးရှိပြီဖြစ်ကြောင်း ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။

ပြီးခဲ့သော ၂၄ နာရီအတွင်း COVID-19 ဓာတ်ခွဲအတည်ပြုလူနာများအနက်ဆေးရုံဆင်းခွင့်ရရှိသူ (၁,၄၀၉)ဦး ရှိခဲ့သဖြင့် ယခုထိ ဆေးရုံဆင်းခွင့်ရရှိသူ စုစုပေါင်း (၇၆,၃၈၂)ဦး ရှိလာခဲ့ကြောင်း သိရသည်။လွန်ခဲ့သော ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာပေါင်း (၂၃,၃၀၀) ခု အားစစ်ဆေးခဲ့ပြီး ယနေ့အထိဓာတ်ခွဲနမူနာစုစုပေါင်း(၁,၂၆၉,၈၂၄) ခုအားစစ်ဆေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ယနေ့သေဆုံးသူ(၂၂)ဦးအနက် ရောဂါအခံရှိသူ (၂၀)ဦးပါဝင်ကြောင်း သိရသည်။

ဒီဇင်ဘာ ၄ရက်တွင် ထုတ်ပြန်ခဲ့သောဓာတ်ခွဲအတည်ပြုလူနာ (၁,၅၀၂)ဦးတွင် အနံ့မရရှိသူ (၃၈၂)ဦးပါရှိပြီး ရန်ကုန်တိုင်းဒေသကြီးမှ COVID-19 ရောဂါကူးစက်ခံရသူ ၈၀၄ ဦးဖြင့်အများဆုံးတွေ့ရှိခဲ့ကြောင်း သိရသည်။ (Xinhua)

#COVID_19 #FeverClinic #Xinhua #ဖျားနာကုအခမဲ့ဆေးခန်း #ဆင်ဟွာ

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.