Connect with us

MYANMAR

မြန်မာနိုင်ငံ၌ COVID-19 အတည်ပြုလူနာပေါင်း ၁၀၀,၀၀၀ ကျော်ထိ ရှိလာ

ရန်ကုန်မြို့တွင် နှာခေါင်းစည်း တပ်ဆင်၍ သွားလာနေသူများအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဒီဇင်ဘာ ၇ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန်

မြန်မာနိုင်ငံ၌ COVID-19 ရောဂါ ဖြစ်ပွားမှု ၈ လကျော် ကြာမြင့်လာချိန်တွင် အတည်ပြုလူနာ စုစုပေါင်း ၁၀၀,၀၀၀ ကျော်ထိ ရှိလာခဲ့ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန၏ ယနေ့ နောက်ဆုံး ထုတ်ပြန်သော ကိန်းဂဏန်းအချက်အလက်များအရ သိရသည်။

 

ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန ပြောရေးဆိုခွင့် အဖွဲ့ဝင် ၊ ကျန်းမာရေး အသိပညာ မြှင့်တင်ရေး ဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးက “ခန့်မှန်းခြေ တစ်ထောင် ပတ်ချာလည်ပေါ့ ။ အဲဒါ အကြာကြီး တန်းနေတာ တကယ်တမ်းတော့ မလွယ်ဘူးပေါ့။ လူနာ တစ်ယောက် တက်လာပြီ ဆိုရင်ပဲ အကုန်လုံး ဆရာဝန် ၊ ဆရာမ တွေက ဂရုစိုက်ရတာ ။ လူနာတစ်ယောက်ကို အနည်းဆုံး ဆရာဝန် ၊ ဆရာမ နှစ်ယောက် သို့မဟုတ် သုံးယောက်လောက်က ဝိုင်းပြီး ကုသမှုတွေ ပေးရတာပေါ့။ တစ်ရက်ကို တစ်ထောင်ဆိုတဲ့ အင်အားကြီးက ကျန်းမာရေး ဝန်ထမ်းတွေ အတွက်လည်း အင်မတန်မှ လေးတဲ့ ဝန်ထုတ်ဝန်ပိုးပေါ့ ။ အဲဒီအပြင် လူနာကိုယ်တိုင်လည်း တော်တော်ခံစားရပါတယ်။”ဟု ဆင်ဟွာသို့ ပြောကြားခဲ့သည်။

ပြီးခဲ့သော ၂၄ နာရီအတွင်း COVID-19 ဓာတ်ခွဲအတည်ပြု လူနာသစ် ၁,၂၇၆ ဦး စစ်ဆေးတွေ့ရှိခဲ့ပြီး စုစုပေါင်း အတည်ပြုလူနာ ၁၀၀,၄၃၁ ဦးအထိ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

COVID-19 အတည်ပြုလူနာများအနက် လွန်ခဲ့သော ၂၄ နာရီအတွင်း သေဆုံးလူနာ ၂၂ ဦး ရှိကာ စုစုပေါင်း သေဆုံးသူ ၂,၁၃၂ ဦး အထိ ရှိလာခဲ့သည်။

“ရောဂါ ဆပွား တက်တဲ့ အနေအထားကိုတော့ ထိန်းထားနိုင်တယ်။ ကျွန်တော်တို့ ထိန်းတာ မဟုတ်ဘူး ။ ပြည်သူတွေ ထိန်းတာပေါ့ ။ ဒီလိုမျိုး ဆပွား မကူးစက်အောင် ထိန်းထားနိုင်တာက ပြည်သူတွေပါလို့ ထိန်းထားနိုင်တာလေ ။ ဒါပေမယ့် တစ်ဖက်ကလည်း တက်နေသေးတာပေါ့ ။ တက်နေသေးတယ် ဆိုတာ တန်းနေတာပေါ့ဗျာ ။ ၁၀၀၀ ၊ ၁၁၀၀ ပတ်ချာလည်ပေါ့ ။ အဲလိုတန်းနေတာလည်း ပြည်သူလူထုကြားထဲမှာ လိုက်နာတဲ့သူတွေ ရှိတဲ့အခါကြတော့ ဆပွားတက်တာကို ထိန်းပေးတာကို တွေ့ရတယ်။ ဒါပေမယ့် မလိုက်နာတဲ့သူတွေ ရှိတော့လည်း တန်းနေတာက မကျဘူးပေါ့။ အဲဒီတော့ ရှေ့လျှောက်မှာ ပြည်သူတွေ လိုက်နာပြီးတော့ New Normal နဲ့ ကာကွယ်ကြမယ် ဆိုရင်တော့ ကျမှာပေါ့ဗျာ ။”ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးက ထည့်သွင်း ပြောကြားခဲ့သည်။

အဆိုပါ COVID-19 အတည်ပြုလူနာများအနက် ယခုအထိ ဆေးရုံဆင်းခွင့် ရရှိသူ လူနာပေါင်း ၇၉,၂၄၀ ဦး ရှိပြီး လွန်ခဲ့သော ၂၄ နာရီအတွင်း ၁,၆၀၄ ဦး ဆေးရုံဆင်းခွင့်ရ ခဲ့ကြောင်း သိရသည်။

“လူစုလူဝေး မဖြစ်တဲ့ နေရာကို သွားမယ်။ တခြားသူတွေနဲ့ ခပ်ကွာကွာ နေမယ်။ Mask ကို ခါးဝတ်ပုဆိုးလို တပ်ထားမယ်။ ပစ္စည်းတွေကို ကိုင်ပြီးရင် လက်ကို ဆပ်ပြာနဲ့ စက္ကန့် ၂၀ အကြာ ဆေးမယ်။ ဒါမှမဟုတ် Hand Gel သုံးမယ် ။ ဒါတွေက သိပ်ခက်ခဲပြီးတော့ ငွေကြေးကုန်ကျ တစ်အားများတဲ့ ကိစ္စတွေတော့ မဟုတ်ပါဘူး ။ သတိလေးထားပြီး လိုက်နာလိုက်ရင် လူတိုင်း လုပ်နိုင်တဲ့ ကိစ္စတွေပေါ့ ။ ဒါတွေကို အားလုံးက ပါဝင်ပြီး ကိုယ်စီဆောင်ရွက်ကြမယ် ဆိုရင် တစ်ထောင်ဆိုတဲ့ ဂဏန်းကြီးကလည်း မကြာခင် ၅၀၀ ၊ ၄၀၀ ၊ ၂၀၀ ပေါ့ဗျာ ။ နောက်ဆုံး ပြည်တွင်းကူးစက်မှု သုည ဆိုတဲ့ အနေအထားကို ရောက်လာမှာပေါ့ ။”ဟု ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံအတွင်း COVID-19 ဓာတ်ခွဲအတည်ပြုလူနာအား မတ် ၂၃ ရက်တွင် စတင်တွေ့ရှိခဲ့ကြောင်း ၊ ယခုအချိန်ထိ COVID-19 ဓာတ်ခွဲနမူနာ စုစုပေါင်း ၁,၃၀၇,၇၄၄ ခုအား စစ်ဆေးခဲ့ပြီး အတည်ပြု လူနာပေါင်း ၁၀၀,၄၃၁ ဦး ၊ ဆေးရုံဆင်းခွင့်ရရှိသူပေါင်း ၇၉,၂၄၀ ဦး နှင့် သေဆုံးလူနာပေါင်း ၂,၁၃၂ ဦး ရှိလာခဲ့ကြောင်း သိရသည်။

ပြည်သူတစ်ဦးချင်းစီမှလည်း COVID-19 ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများတွင် တာဝန်သိစွာဖြင့် ပူးပေါင်းပါဝင်လိုက်နာဆောင်ရွက်ကြရန် ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနက တိုက်တွန်းထားသည်။

လက်ရှိတွင် တိုင်းဒေသကြီး/ ပြည်နယ်များတွင် ပါးစပ်နှင့်နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ရေး လူထုလှုပ်ရှားမှုစီမံချက်ကို ဆောင်ရွက်လျက်ရှိပြီး ပြည်သူလူထုအနေဖြင့် ပါးစပ်နှင့်နှာခေါင်းစည်း မဖြစ်မနေတပ်ဆင်ရေး လူထုလှုပ်ရှားမှုစီမံချက်၌ အထူးပူးပေါင်းပါဝင် လိုက်နာဆောင်ရွက်ကြရန် လွန်စွာအရေးကြီးကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားထားသည်။ (Xinhua)

#လူနာဦးရေ #ကျန်းမာရေး #ဒေါက်တာသန်းနိုင်စိုး #ပြည်တွင်းကူးစက်မှု #COVID-19 #ဆင်ဟွာ #Xinhua