Connect with us

MYANMAR

ကာကွယ်ဆေးကို အမြန်ဆုံး ပြည်သူများအား ထိုးပေးနိုင်အောင် စီစဉ်မည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြား

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း ပြောကြားနေစဉ်(ဓာတ်ပုံ - Myanmar State Counsellor Office)

ရန်ကုန် ၊ ဒီဇင်ဘာ ၇ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန်

ကာကွယ်ဆေးကို အမြန်ဆုံး ပြည်သူများအား ထိုးပေးနိုင်အောင် စီစဉ်မည်ဟု COVID-19 ကာကွယ် ၊ ထိန်းချုပ် ၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ ပြောကြားခဲ့သည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က “ကျွန်မတို့အစိုးရအနေနဲ့ ၊ နိုင်ငံတော်အနေနဲ့ကတော့ ကာကွယ်ဆေးကို အမြန်ဆုံး ပြည်သူတွေဆီကို ရောက်အောင်လို့၊ ပြည်သူတွေကို ထိုးပေးနိုင်အောင်လို့ ကျွန်မတို့ စီစဉ်ပါ့မယ်။ နောက်ပြီးတော့လည်း ကျွန်မတို့ကနေပြီး ပြန်လည်ပြီး စီးပွားရေးလုပ်ငန်းတွေ ပြန်ပြီး လည်ပတ်နိုင်အောင်လို့၊ ကျွန်မတို့ရဲ့ စီးပွားရေး ပြန်ပြီး တိုးတက်လာနိုင်အောင်လို့၊ အရင်တုန်းကထက်တောင်မှ ပိုပြီးကောင်းသွားနိုင်အောင်လို့ ဆိုပြီး ကျွန်မတို့ ကြိုးစားပါမယ်။”ဟု ပြည်သူများသို့ အစီရင်ခံတင်ပြသော COVID-19 ရောဂါဖြစ်ပွားမှု နောက်ဆုံးအခြေအနေနှင့်စပ်လျဉ်းသည့် မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

COVID-19 အတည်ပြုလူနာအားလုံး၏ ၇၄ ရာခိုင်နှုန်းသည် ရန်ကုန်တိုင်းဒေသကြီးမှ ဖြစ်ပြီး သေဆုံးသူ အားလုံး၏ ၉၂ ဒသမ ၇ ရာခိုင်နှုန်းသည် ရန်ကုန်တိုင်းဒေသကြီးမှပင် ဖြစ်ကြောင်း ၊ ထိုကြောင့် ရန်ကုန်တိုင်းဒေသကြီးသည် အထူးသတိထားရန် လိုကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားခဲ့သည်။

“ရန်ကုန်တိုင်းက လူဦးရေ ထူထပ်မှုကြောင့်ရော၊ အသွားအလာ များတာကြောင့်ရော ရောဂါပြန့်ပွားတာတွေလည်း များတယ်ဆိုတာ ကျွန်မတို့ လက်ခံပါတယ်။ ဒါပေမယ့်လည်း ပြည်သူလူထုရဲ့ စည်းကမ်း လိုက်နာမှုဟာလည်း အရေးပါပါတယ်။ ပြည်သူလူထုက စည်းကမ်း လိုက်နာမှု များလေလေ၊ ကောင်းလေလေ၊ အခြေအနေကကောင်းမှာပါ။”ဟု ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသည် ကာကွယ်ဆေးရသည့်အခါတွင် ကာကွယ်ဆေးသုံး၍ အဆင်ပြေမည့် အချိန်တွင် အမြန်ဆုံး စပြီး သုံးရန် စီစဉ်နေကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ထည့်သွင်း ပြောကြားခဲ့သည်။

“ကျွန်မတို့နိုင်ငံဟာလည်း ကာကွယ်ဆေးရတဲ့အခါမှာ ကာကွယ်ဆေးသုံးလို့ အဆင်ပြေမယ့် အချိန်မှာဆိုရင် အမြန်ဆုံး စပြီးသုံးဖို့ ကျွန်မတို့ စီစဉ်နေပါပြီ။ သို့သော်ငြားလည်း ပြည်သူလူထု အနေနဲ့ ဒီလိုကာကွယ်ဆေးရဲ့ အကျိုးသက်ရောက်မှုကို အပြည့်အဝ ခံစားဖို့ဆိုရင် အခုအချိန်မှာ သိပ်ပြီးတော့ သတိထားဖို့လိုတယ်။ ကျွန်မတို့ ဘာဖြစ်လို့ ဒီလိုပြောရတာလဲဆိုရင် တချို့ကနေပြီးတော့ ကာကွယ်ဆေးရတော့မှာပဲဆိုပြီးတော့ ပေါ့သွားမှာကို ကျွန်မ စိုးရိမ်ပါတယ်။ ဒီလို ပေါ့သွားလို့ မဖြစ်ပါဘူး။”ဟု ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် COVID-19 ဓာတ်ခွဲအတည်ပြုလူနာအား မတ် ၂၃ ရက်က စတင်တွေ့ရှိခဲ့ပြီးနောက် ယခုအချိန်ထိ COVID-19 ဓာတ်ခွဲနမူနာ စုစုပေါင်း ၁,၃၀၇,၇၄၄ ခုအား စစ်ဆေးခဲ့ပြီး အတည်ပြု လူနာပေါင်း ၁၀၀,၄၃၁ ဦး ၊ ဆေးရုံဆင်းခွင့်ရရှိသူပေါင်း ၇၉,၂၄၀ ဦး နှင့် သေဆုံးလူနာပေါင်း ၂,၁၃၂ ဦး အသီးသီးရှိလာခဲ့ကြောင်း သိရသည်။ (Xinhua)

#ကာကွယ်ဆေး #ဒေါ်အောင်ဆန်းစုကြည် #COVID-19 #ဆင်ဟွာ #Xinhua