Connect with us

MYANMAR

COVID-19 လူနာသစ် ၁၃၀၈ ဦးတွေ့ရှိပြီး သေဆုံးသူ ၁၉ ဦးထပ်တိုး

ရန်ကုန်မြို့တွင် နှာခေါင်းစည်း တပ်ဆင်သွားလာသူများအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဒီဇင်ဘာ ၈ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန်

လွန်ခဲ့သော ၂၄ နာရီအတွင်း COVID-19 ဓာတ်ခွဲအတည်ပြု လူနာသစ် ၁၃၀၈ ဦး စစ်ဆေးတွေ့ရှိခဲ့ပြီး သေဆုံးသူ ၁၉ ဦးထပ်တိုးလာခဲ့ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန၏ ယနေ့ ထုတ်ပြန်မှုအရ သိရသည်။

ဒီဇင်ဘာ ၇ ရက် ည ၈ နာရီအချိန်မှ ဒီဇင်ဘာ ၈ ရက် ည ၈ နာရီအချိန်ထိ ဓာတ်ခွဲနမူနာ ၂၃၃၄၈ ခုအား စစ်ဆေးခဲ့ရာတွင် COVID-19 လူနာသစ် ၁၃၀၈ ဦး တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ၊ ဆေးရုံဆင်းခွင့် ရရှိသူ ၁၄၈၆ ဦး နှင့် သေဆုံးလူနာ ၁၉ ဦး အသီးသီးရှိခဲ့ကြောင်း သိရသည်။
ယခုအထိ နိုင်ငံအတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း ၁၃၃၁၀၉၂ ခုကို စစ်ဆေးခဲ့ပြီးနောက် COVID-19 အတည်ပြု လူနာပေါင်း ၁၀၁၇၃၉ ဦး တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း နှင့် ဆေးရုံဆင်းခွင့်ရရှိသူပေါင်း ၈၀၇၂၆ ဦး ၊ သေဆုံးလူနာပေါင်း ၂၁၅၁ ဦးအသီးသီး ရှိလာခဲ့ကြောင်း သိရသည်။

COVID-19 အတည်ပြုလူနာအားလုံး၏ ၇၄ ရာခိုင်နှုန်းသည် ရန်ကုန်တိုင်းဒေသကြီးမှ ဖြစ်ပြီး သေဆုံးသူ အားလုံး၏ ၉၂ ဒသမ ၇ ရာခိုင်နှုန်းသည် ရန်ကုန်တိုင်းဒေသကြီးမှပင် ဖြစ်ကြောင်း ၊ ထိုကြောင့် ရန်ကုန်တိုင်းဒေသကြီးသည် အထူးသတိထားရန် လိုအပ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ဒီဇင်ဘာ ၇ ရက်တွင် ပြောကြားခဲ့သည်။

လက်ရှိတွင် တိုင်းဒေသကြီး/ ပြည်နယ်များတွင် ပါးစပ်နှင့်နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ရေး လူထုလှုပ်ရှားမှုစီမံချက်ကို ဆောင်ရွက်လျက်ရှိပြီး ပြည်သူလူထုအနေဖြင့် ပါးစပ်နှင့်နှာခေါင်းစည်း မဖြစ်မနေတပ်ဆင်ရေး လူထုလှုပ်ရှားမှုစီမံချက်၌ အထူးပူးပေါင်းပါဝင် လိုက်နာဆောင်ရွက်ကြရန် လွန်စွာအရေးကြီးကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားထားသည်။ (Xinhua)

#လူနာသစ် #သေဆုံးသူ #ကျန်းမာရေး #ဒေါ်အောင်ဆန်းစုကြည် #ဒေါက်တာမြင့်ထွေး #ဆင်ဟွာ #Xinhua