Connect with us

Asia

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်ဝန်၏ ဈာပနကို ငါးရက်ကြာကျင်းပမည်

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်ဝန် ပတ်ဝန်ဆွန်းအား တွေ့ရစဉ် (ဆင်ဟွာ)

ဆိုးလ်၊ ဇူလိုင် ၁၀ ရက် (ဆင်ဟွာ)

တောင်ကိုရီးယားနိုင်ငံ သက်တမ်းရင့် ဆိုးလ်မြို့တော်ဝန် ပတ်ဝန်ဆွန်း (Park Won-soon) ၏ ဈာပနအခမ်းအနားကို ငါးရက်ကြာ ကျင်းပမည်ဖြစ်ကြောင်း မြို့တော်အစိုးရက ဇူလိုင် ၁၀ ရက်တွင် ပြောကြားလိုက်သည်။

မြို့တော်ဝန်အား ဆိုးလ်မြို့ရှိ တောင်တစ်ခုတွင် သေဆုံးလျက်တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ပတ်၏ ဈာပနအား သုံးရက်ကြာကျင်းပသည့် သာမန်ဈာပနများနှင့် မတူဘဲ မြို့တော်ဝန်ဂုဏ်နှင့်အညီ ဈာပနပုံစံဖြင့် ငါးရက်ကြာ ကျင်းပသွားမည် ဖြစ်သည်။ မြို့သူမြို့သားများအနေဖြင့် ကြေကွဲဝမ်းနည်းခြင်းပြသနိုင်ရန် အောက်မေ့ဖွယ် ဈာပနစင်မြင့်ကို ဇူလိုင် ၁၀ ရက် မွန်းလွဲပိုင်း၌ ဆိုးလ်မြို့လယ်ရှိ မြို့တော်ခန်းမအရှေ့ဘက်တွင် ထားရှိသွားမည် ဖြစ်သည်။

အသက် ၆၄ နှစ်အရွယ် မြို့တော်ဝန်အား ဇူလိုင် ၁၀ ရက် ဒေသစံတော်ချိန် ညသန်းခေါင်ယံအချိန်ခန့်တွင် ၎င်း၏နေအိမ်အနီး Bugaksan တောင်ရှိ တောအုပ်အတွင်း သေဆုံးလျက် တွေ့ရှိခဲ့ရသည်။ မသင်္ကာစရာလက္ခဏာများ မတွေ့ရှိရသော်လည်း သေဆုံးရသည့်အကြောင်းရင်း အတိအကျ သိရှိရန် ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

တောင်ဝန်းကျင်တွင် ပတ်အား ရာနှင့်ချီသော ရဲတပ်ဖွဲ့နှင့် ကယ်ဆယ်ရေးသမားများက အပူတပြင်းရှာဖွေခဲ့ပြီး နာရီများစွာအကြာ၌ ပတ်၏ ရုပ်အလောင်းအား တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ရုပ်အလောင်းကို ဆိုးလ် အမျိုးသားတက္ကသိုလ်ဆေးရုံ၏ ရင်ခွဲရုံသို့ ပို့ဆောင်ခဲ့သည်။

“အဖေက သေတမ်းစာလို စကားတွေချန်ထားခဲ့ပြီး လွန်ခဲ့တဲ့ လေး၊ ငါးနာရီလောက်အကြာက အိမ်ကထွက်သွားတယ်။ သူ့ဖုန်းကလည်း စက်ပိတ်ထားတယ်” ဟု ပတ်၏သမီးက ပြောကြားခဲ့ပြီး ဇူလိုင် ၉ ရက် ဒေသစံတော်ချိန် ညနေ ၅:၁၇ နာရီက ရဲတပ်ဖွဲ့ထံ လူပျောက်တိုင်ကြားခဲ့သည်။

မြို့တော်ဝန်အစိုးရ၏ ထုတ်ဖော်ချက်အရ မြို့တော်ဝန်က ပတ်ချန်ထားရစ်ခဲ့သည့်စာတိုထဲ၌ “အားလုံးအတွက် ကျွန်တော် စိတ်မကောင်းပါဘူး။ ကျွန်တော့်ဘဝမှာ ကျွန်တော်နဲ့အတူ ရှိခဲ့သူတစ်ယောက်ချင်းစီကို ကျေးဇူးတင်ပါတယ်။ မိသားစုကိုလည်း နာကျင်မှုတွေပဲ ပေးမိတဲ့အတွက်

အမြဲစိတ်မကောင်းဖြစ်ရပါတယ်။ ကျေးဇူးပြုပြီး ကျွန်တော့်ရဲ့ ခန္ဓာကိုယ်ကို မီးသဂြိုဟ်ပြီး အရိုးပြာတွေကို မိဘတွေရဲ့ အုတ်ဂူမှာကြဲပေးပါ။ အားလုံးကိုနှုတ်ဆက်ပါတယ်” ဟု ရေးထားသည်။

ပတ်သည် အာဏာရ ဒီမိုကရက်တစ်ပါတီဝင်တစ်ဦးဖြစ်ပြီး ၂၀၁၁ ခုနှစ် ကြားဖြတ်ရွေးကောက်တွင် ဆိုးလ်မြို့တော်ဝန်အဖြစ် ပထမဆုံး တင်မြှောက်ခံရခဲ့ရပြီး ၂၀၁၄ ခုနှစ်နှင့် ၂၀၁၈ ခုနှစ်တို့၌ ပြန်လည်ရွေးချယ်ခြင်းခံခဲ့ရသည်။

ပတ်၏ မြို့တော်ဝန်သက်တမ်းသည် ၂၀၂၂ ခုနှစ် နှစ်ကုန်တွင် ပြီးဆုံးမည်ဖြစ်သည်။ ဆိုးလ်မြို့၏ ပထမဆုံး စီမံအုပ်ချုပ်ရေးရာ ဒုတိယ မြို့တော်ဝန် Seo Jeong-hyup က ၂၀၂၁ ခုနှစ် ဧပြီလတွင် ကျင်းပရန်အဆိုပြုထားသော ကြားဖြတ်ရွေးကောက်ပွဲမတိုင်မီအထိ ခေတ္တမြို့တော်ဝန်အဖြစ် တာဝန်ယူသွားမည် ဖြစ်သည်။

ပတ်သည် လူ့အခွင့်ရေး ရှေ့နေဟောင်းနှင့် မြို့တော်ဆိုင်ရာ တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သလို သက်တမ်းအရှည်ဆုံး ဆိုးလ်မြို့တော်ဝန်လည်း ဖြစ်ပြီး ၂၀၂၂ ခုနှစ် သမ္မတ ရွေးကောက်ပွဲအတွက် သမ္မတလောင်းအဖြစ် အလားအလာရှိသူများအနက် တစ်ဦးဖြစ်သည်။  (Xinhua)