Connect with us

MYANMAR

ပြည်တွင်းလေကြောင်း၌ စီးနင်းမည့် ခရီးသည်များအား COVID-19ရောဂါစစ်ဆေးခကို အသက်သာဆုံး သတ်မှတ်ပေးထားဟုဆို

ယနေ့စတင်ပြေးဆွဲသည့် ခရီးစဉ်မြင်ကွင်းများအားတွေ့ရစဉ် (Myanmar National Airlines)

ရန်ကုန်၊ ဒီဇင်ဘာ ၁၆ ရက် (ဆင်ဟွာ) ရေးသားသူ/အိမွန်ကျော်

ပြည်တွင်းလေကြောင်းခရီး စီးနင်းလိုက်ပါကြမည့် ခရီးသည်များအား COVID-19ရောဂါစစ်ဆေးခကို အသက်သာဆုံး သတ်မှတ်ပေးထာကြောင်း ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနထံမှ သိရသည်။

ယင်း ဓာတ်ခွဲနမူနာကို နာရီဝက်အတွင်း ဓာတ်ခွဲအဖြေထွက်သည့် နည်းလမ်းဖြင့် စစ်ဆေးပါက ငွေကျပ် (၁၀၀၀၀) ကျသင့်မည်ဖြစ်ပြီး အနည်းဆုံး (၂၄) နာရီအကြာမှ ဓာတ်ခွဲ အဖြေထွက်သည့်နည်းလမ်းဖြင့် စစ်ဆေးပါက ငွေကျပ် (၃၅၀၀၀) ကျသင့်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ထွန်းမြင့်က ပြောကြားသည်။

ယနေ့စတင်ပြေးဆွဲသည့် ခရီးစဉ်မြင်ကွင်းများအားတွေ့ရစဉ် (Myanmar National Airlines)

ကျောက်တံတား မြို့နယ်ရှိ Tourist Burma အဆောက်အအုံ (ဆူးလေဘုရား လမ်းရှိ မြန်မာအဆွေကုန်တိုက်)နှင့် အောင်မင်္ဂလာအဝေး ပြေးယာဉ်ရပ်နားစခန်းရှိ ဒေသန္တရကျန်းမာရေးဌာနတို့၌ COVID-19ရောဂါပိုး ရှိ၊ မရှိ ကျန်းမာရေးစစ်ဆေးခြင်းကို ဒီဇင်ဘာ ၁၅ ရက်မှ စတင်စစ်ဆေးဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ စစ်ဆေးရေးနေရာနှစ်ခုတွင် နေ့စဉ် နံနက် (၉) နာရီမှ မွန်းလွဲ (၃) နာရီ အတွင်း စစ်ဆေးပေးမည်ဖြစ်ကြောင်း သိရသည်။ ပြည်တွင်လေကြောင်းလိုင်းများရှိ လေယာဉ်နှင့်လိုက်ပါမည့် သူများအား လေယာဉ် လက်မှတ်နှင့်အတူ နိုင်ငံသားစိစစ်ရေးကတ်ပြား (သို့မဟုတ်) အခြားသက်သေခံအထောက်အထားနှင့် ခြောက်လအတွင်း ရိုက်ကူးထားသည့် ဓာတ်ပုံတစ်ပုံ ယူဆောင်လာမှ စစ်ဆေးပေးမည်ဖြစ်ကြောင်း၊ ခရီးစတင် မထွက်ခွာမီ (၃၆) နာရီအတွင်း စစ်ဆေးမှုခံယူရမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

လာရောက်စစ်ဆေးရာတွင် အဖော်ခေါ်ဆောင်လာခြင်းမပြုကြောင်း၊ နှာခေါင်းစည်းနှင့် မျက်နှာအကာ တပ်ဆင်လာရမည်ဖြစ်ပြီး စစ်ဆေးသည့် အချိန်မှလွဲ၍ အချိန်ပြည့်တပ်ဆင်ထားရမည်ဖြစ်ကြောင်း၊ တစ်ဦးနှင့်တစ်ဦး ခြောက်ပေခွာထားသော သတ်မှတ်နေရာများတွင် စနစ်တကျစောင့်ဆိုင်းခြင်း၊ စောင့်ဆိုင်းနေစဉ် အစားအသောက်များ စားသုံးခြင်းခွင့်မပြုကြောင်း၊ နေရပ် လိပ်စာများ (ရန်ကုန်မြို့နှင့် သွားရောက်မည့် မြို့ရှိ လိပ်စာ၊ ဖုန်းနံပါတ်များ)ကို မှန်ကန်ပြည့်စုံစွာ ဖြည့်သွင်းရမည်ဖြစ်ကြောင်း၊ ရောဂါပိုးတွေ့ရှိပါက ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၏ စည်းမျဉ်းစည်းကမ်းများအတိုင်း ကုသမှုခံယူရမည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ပြည်တွင်လေကြောင်းလိုင်းများသည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန က ထုတ်ပြန်သော ပြည်တွင်းပုံမှန် လေကြောင်းခရီးစဉ်များ ပြန်လည်ပြေးဆွဲရာတွင် လေကြောင်းလိုင်း ဝန်ထမ်းများ၊ လေဆိပ်ဝန်ထမ်းများနှင့် လေယာဉ်စီးခရီးသည်များ လိုက်နာရမည့် ကျန်းမာရေးဆိုင်ရာစံ သတ်မှတ်ချက်များ (Standard Operation Procedure-SOP) နှင့် အညီ ယနေ့စတင်ပြေးဆွဲနေပြီဖြစ်ကြောင်း Myanmar National Airlinesကထုတ်ပြန်ထားသော သတင်းအရ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.