Connect with us

MYANMAR

ပြည်ထောင်စု လွှတ်တော် ဝန်ထမ်းသုံးဦး COVID-19 ရောဂါ ကူးစက်ခံရ

နေပြည်တော်၏ အချက်အချာ သပြေကုန်းအဝိုင်းနှင့် ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်ကို တွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဒီဇင်ဘာ ၁၇ ရက်(ဆင်ဟွာ) ရေးသားသူ / စိုးသန်းလင်း

နေပြည်တော်၊ ပြည်ထောင်စုလွှတ်တော်မှ လွှတ်တော် ဝန်ထမ်း သုံးဦး COVID-19 ရောဂါ ကူးစက် ခံထားရကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မြတ်ဝဏ္ဏစိုးက အတည်ပြု ပြောကြားသည်။

“ကျွန်တော်တို့ သုံးယောက်တွေ့ထားပါတယ်၊ ဆက်စပ်တဲ့သူတွေကို ရှာဖွေနေပါတယ်၊ ပြီးရင် ကွာရင်တင်း ထားပါမယ်၊ တစ်ယောက်ကတော့ ဖျားလို့ စစ်လိုက်တာ၊ သူနဲ့ ဆက်စပ်Contact တွေကို ထပ်စစ်လိုက်တော့တွေ့တယ်၊ Contact တွေကို ကွာရင်တင်းထားပါတယ်၊ မနေ့က နေပြည်တော် ခုတင် ၃၀၀ ဆေးရုံမှာ စစ်ဆေးရာမှာ ကိုဗစ်ပိုးတွေ့ရှိခဲ့တာပါ၊ အဲဒီ ပိုးတွေ့ ဝန်ထမ်းနဲ့ ဆက်စပ်သူတွေကို ထပ်မံစစ်ဆေးရာက နှစ်ဦးထပ်တွေ့ရှိပြီး စုစုပေါင်း သုံးဦး ကူးစက် ခံထားရတာပါ” ဟု ၎င်းက ရှင်းလင်း ပြောကြားခဲ့သည်။

အတည်ပြု လူနာများနှင့် ဆက်စပ်ထိတွေ့သူများကို သက်ဆိုင်ရာ ကျန်းမာရေး ဝန်ထမ်းများက စာရင်းကောက်ယူနေကြောင်း သိရသည်။

အမျိုးသားလွှတ်တော် အမြဲတမ်းအတွင်းဝန် ဦးလွင်ဦးက “ကိုဗစ်ကူးစက်တဲ့ ပြည်ထောင်စု လွှတ်တော် ဝန်ထမ်းနှစ်ဦးနဲ့ တစ်တိုက်တည်းအတူနေတဲ့ အမျိုးသား လွှတ်တော် အရာထမ်း၊ အမှုထမ်း ရှစ်ဦးခန့်ကို ခွင့်ပေးပြီး အနားယူခိုင်းထားပါတယ်” ဟု ဖြေကြားခဲ့ပြီး အဆိုပါ အရာထမ်း၊ အမှုထမ်းများသည် ပိုးတွေ့ လူနာနှင့် တိုက်ရိုက် ထိတွေ့သူများ မဟုတ်သော်လည်း ကျန် ဝန်ထမ်း များအတွက် စိတ်ချရအောင် ၁၄ ရက် အနားယူစေခြင်းဖြစ်ကြောင်း ၎င်းက ဖြည့်စွက် ပြောကြား ခဲ့သည်။

နေပြည်တော်တွင် ဒီဇင်ဘာလ ၁၆ ရက်အထိ COVID-19 ပိုးတွေ့ရှိသူ ၅၉၈ ဦး၊ သေဆုံးသူ ခြောက်ဦး၊ ဆေးရုံမှ ဆင်းခွင့်ရသူ ၄၇၁ ဦးရှိကြောင်း နေပြည်တော်ကောင်စီက သတင်းထုတ်ပြန် ထားသည်။ (Xinhua)