Connect with us

MYANMAR

မန္တလေးတိုင်းဒေသကြီးအတွင်း Semi Lockdown ကာလ COVID-19 ကာကွယ်ရေးစည်းမျဉ်းများ မလိုက်နာသူ ၁၀,၀၀၀ကျော် ဒဏ်ရိုက်အရေးယူခဲ့ရ

မန္တလေးတိုင်းဒေသကြီးအတွင်း Semi Lockdown ကာလ လမ်းများ၌ စစ်ဆေးရေးများ ဆောင်ရွက်နေစဉ် (ဓာတ်ပုံ-MRTV)

ရန်ကုန်၊ ဒီဇင်ဘာ ၁၇ ရက်(ဆင်ဟွာ) ရေးသားသူ/အိမွန်ကျော်

မန္တလေးတိုင်းဒေသကြီး၌ Semi Lockdown ကာလCOVID-19ရောဂါကာကွယ်ရေးစည်းမျဉ်းများ မလိုက်နာသူ ၁၀,၀၀၀ကျော် ကို ဒဏ်ရိုက်အရေးယူခဲ့ရကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ထံမှ သိရသည်။

“ရောဂါက ကျတယ်မရှိပါဘူး၊ တစ်နေ့ ၂၀၀ကျော်လောက် ရှိနေတယ်၊ ဒါကြောင့် ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေကို စနစ်တကျလိုက်နာ ဖို့လိုအပ် ပါတယ်၊ မြို့အဝင်အထွက်တွေကို ၂၄ နာရီ စိစစ်နိုင်အောင်လည်း စီစဉ်ထားတယ်၊ဒဏ်ရိုက်လို့ရရှိတဲ့ ငွေတွေကို COVID-19ရန်ပုံငွေထဲမှာ ထည့်ထားပါတယ်။ လက်ရှိမှာ တိုင်းဒေသကြီးအစိုးရအဖွဲ့က စင်တာတွေ၊ စစ်ဆေးရေးဂိတ်တွေမှာ လိုအပ်တဲ့နေရာတွေကို လိုအပ်သလိုစီမံခန့်ခွဲပေးပါတယ်၊” ဟု မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ရှမ်းတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးစိုင်းပန်းဆိုင်က ဆင်ဟွာသို့ ပြောကြားသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း Semi Lockdown ကာလ လမ်းများ၌ စစ်ဆေးရေးများ ဆောင်ရွက်နေစဉ် (ဓာတ်ပုံ-MRTV)
COVID-19 ရောဂါကို ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မန္တလေးခရိုင်တွင် အသွားအလာများ ကန့်သတ်နေထိုင်ရန် တားမြစ်အမိန့်များ ထုတ်ပြန်ထားပြီး လိုက်နာခြင်း ရှိ၊ မရှိသိရှိစေရန် မန္တလေးမြို့တွင်းရှိ လမ်းဆုံလမ်းမများတွင် ဌာနပေါင်းစုံပါဝင်သည့် အဖွဲ့များမှ စစ်ဆေးကာ မြို့နယ်ကျော်သွားလာခြင်း၊ ဈေးဝယ်ကတ်ကို အသုံးပြု၍ မွန်းတည့်(၁၂) နာရီနောက်ပိုင်း အပြင်ထွက် သွားလာခြင်းများ စစ်ဆေးတွေ့ရှိပါက တစ်ဦးလျှင် ငွေကျပ် (၅၀၀၀) ဒဏ်ရိုက် အရေးယူလျက်ရှိကြောင်း သိရသည်။

အဆိုပါ ဒဏ်ရိုက်အရေးယူမှုကြောင့် ဒီဇင်ဘာ (၅) ရက် မှ (၁၃) ရက်အထိ အရေးယူခဲ့ရသူပေါင်း (၁၁၀၀၈) ဦး ရှိသွားပြီဖြစ် ကြောင်း သိရသည်။

မန္တလေးခရိုင်အတွင်းရှိ (၇)မြို့နယ်အနက် ပုသိမ်ကြီးမြို့နယ်၏ Stay At Home ကာလတွင် ပုသိမ်ကြီးမြို့ပေါ်နှင့် ရွာများသို့ အဝင်အထွက်လမ်းများ၌ ဝင်ထွက် ခွင့်ကတ် စစ်ဆေးခြင်းများအား ဆောင်ရွက်လျက်ရှိရာ Stay At Home အစီအစဉ် စတင်သည့် ဒီဇင်ဘာလ (၅)ရက်မှ (၁၅)ရက်အထိ (၁၁)ရက် တာအတွင်း စည်းကမ်းဖောက်ဖျက်သူ (၆၀၂)ဦးကို အရေးယူခဲ့ရကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရသိရသည်။

COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် မန္တလေးခရိုင် (၇) မြို့နယ်အတွင်း အသွားအလာများ ကန့်သတ်နေထိုင်ရန် Semi Lockdown ကာလကို ဒီဇင်ဘာ (၅) ရက်မှ (၁၈) ရက်အထိ သတ်မှတ် ဆောင်ရွက်ခဲ့ပြီး ထပ်မံ ၍ ဒီဇင်ဘာ (၃၁)ရက်ထိ Semi Lockdown ကာလကို ထပ်တိုးထားကြောင်း သိရသည်။

မန္တလေးခရိုင်အတွင်း COVID-19 ရောဂါကူးစက်မှု မြင့်တက်နေသည့်အတွက် ထိတွေ့ဆက်စပ်လူနာများ ထားရှိရန်အတွက် Quarantine Center များ တိုးချဲ့ဖွင့်လှစ်ရန် မန္တလေးတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်အပါအဝင် နေရာ (၄)နေရာပြင်ဆင်ထားကြောင်း ရှမ်းတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးစိုင်းပန်းဆိုင်က ဆိုသည်။ (Xinhua)