Connect with us

MYANMAR

၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာ(၂၃,၁၈၈) ခုအား စစ်ဆေးရာ COVID-19 ရောဂါ လူနာသစ် (၁,၁၈၂) ဦး တွေ့ရှိ

ရန်ကုန်မြို့၌ နှာခေါင်းစည်း တပ်ဆင်၍ သွားလာသူများအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန်၊ ဒီဇင်ဘာ ၁၇ ရက် (ဆင်ဟွာ) ရေးသားသူ/အိမွန်ကျော်

၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာ(၂၃,၁၈၈) ခုအား စစ်ဆေးရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၁,၁၈၂) ဦး တွေ့ရှိကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန၏ ယနေ့ ညပိုင်း ထုတ်ပြန်သော စာရင်းများအရသိရသည်။

လွန်ခဲ့သော ၂၄ နာရီအတွင်း COVID-19 ရောဂါဖြင့် သေဆုံးသူ ၃၁ ဦးရှိခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ COVID-19ရောဂါစတင်ကူးစက်ချိန်မှ ယနေ့(ဒီဇင်ဘာ ၁၇ ရက်)ထိ ရောဂါဖြစ်ပွားသူ ၁၁၃,၀၈၂ ဦးရှိခဲ့ပြီး စုစုပေါင်း သေးဆုံသူ ၂,၃၇၇ဦး ရှိခဲ့ကြောင်း သိရသည်။

ယနေ့(ဒီဇင်ဘာ ၁၇ ရက်)ထိ ဆင်းရုံ ဆင်းခွင့်ရရှိသူ ၉၁,၅၃၇ ဦးရှိကြောင်း သိရသည်။

အဆိုပါCOVID-19 ကုသရေးဌာနများတွင် တက်ရောက်နေသော COVID-19 ပိုးတွေ့လူနာများအနက် ရောဂါလက္ခဏာနှင့် ရောဂါအခံများလည်းမရှိဘဲ သင့်တော်သည့် အိမ်အခြေအနေရှိသောသူအချို့အား COVID-19 ကုသရေးဌာနတွင် ရက်အတိုင်းအတာတစ်ခုထားရှိပြီးနောက် နေအိမ်တွင်သာ ဆက်လက်၍ သီးခြားထားရှိခြင်း (home isolation) ပြုလုပ်သွားနိုင်ရန် ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားထားသည်။

ပြည်သူများအနေဖြင့် မိမိပတ်ဝန်းကျင်၌ အထူးသဖြင့် ဈေးများ၊ စက်ရုံ အလုပ်ရုံများတွင် COVID-19 ကာကွယ်ရေးစည်းကမ်းမလိုက်နာသူများအား အချင်းချင်း အသိပေးခြင်းနှင့် သတိပေးခြင်းတို့ ပြုလုပ်ကြစေလိုကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများအနေဖြင့်လည်း COVID-19 ကာကွယ်ရေး စည်းကမ်းချက်များကို ပြည်သူလူထုအတွင်း ပိုမိုလိုက်နာကြစေရေး ပိုမိုကြီးကြပ် ဆောင်ရွက်ပေးစေလိုကြောင်း ၎င်းကဆိုသည်။ (Xinhua)