Connect with us

MYANMAR

COVID-19 လူနာသစ် ၆၁၉ ဦး စစ်ဆေးတွေ့ရှိ ၊ ပိုးတွေ့ရှိမှု ၃ ဒသမ ၄ ရာခိုင်နှုန်းရှိ

ရန်ကုန်မြို့တွင် နှာခေါင်းစည်း တပ်ဆင်သွားလာသူများအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဒီဇင်ဘာ ၂၉ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန်

COVID-19 ဓာတ်ခွဲစစ်ဆေးချက်များအရ ၂၄ နာရီအတွင်း လူနာသစ် ၆၁၉ ဦး စစ်ဆေးတွေ့ရှိခဲ့ပြီး ပိုးတွေ့ရှိမှု ၃ ဒသမ ၄ ရာခိုင်နှုန်းရှိကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ ထုတ်ပြန်မှုအရ သိရသည်။

လွန်ခဲ့သော ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာ ၁၈,၀၉၈ ခုအား စစ်ဆေးပြီးစီးခဲ့ရာ လူနာသစ် ၆၁၉ ဦး ၊ ဆေးရုံဆင်းခွင့်ရရှိသူ ၉၂၈ ဦး နှင့် သေဆုံးလူနာ ၁၉ ဦး အသီးသီးရှိကြောင်း သိရသည်။COVID-19 နေ့စဉ်စမ်းသပ်တွေ့ရှိရမှုနှုန်းသည် ဒီဇင်ဘာ ၂၅ ရက်မှ စတင်၍ ၃ ရာခိုင်နှုန်းကျော်တွင်သာ ရှိနေပြီး ဒီဇင်ဘာ ၂၉ ရက်တွင် ပိုးတွေ့ရှိမှု ၃ ဒသမ ၄ ရာခိုင်နှုန်းရှိခဲ့ကြောင်း သိရသည်။

COVID-19 စမ်းသပ်တွေ့ရှိမှုနှုန်းသည် ဓာတ်ခွဲစစ်ဆေးသည့် အရေအတွက်ပေါ်၌လည်း မူတည်နေကြောင်း ၊ ဒီဇင်ဘာ ၂၀ ရက်မှ ၂၉ ရက်အထိ နေ့စဉ် စစ်ဆေးသော ဓာတ်ခွဲနမူနာ အရေအတွက်မှာ အနည်းဆုံး ၁၆,၆၀၇ ခုမှ အများဆုံး ၂၃,၄၈၅ ခုအထိ ရှိခဲ့ရာ ပျှမ်းမျှ အရေအတွက်မှာ ၂၀,၃၁၂ ခု ဖြစ်ကြောင်း သိရသည်။

ထို့အတူ COVID-19 ရောဂါပိုး ကူးဆက်ပျံ့နှံ့မှုကို ဆက်လက်ထိန်းချုပ်ရန်လိုအပ်သဖြင့် ပြည်ထောင်စုအဆင့်အဖွဲ့အစည်း များ၊ ပြည်ထောင်စုဝန်ကြီးဌာနများမှ COVID-19 ကာကွယ်ထိန်းချုပ်တားဆီးရေးအတွက် ဒီဇင်ဘာ ၃၁ ရက်အထိ ထုတ်ပြန်ထားသော ပြည်သူ့သို့ ပန်ကြားချက်၊အမိန့်၊ အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်များ (ဖြေလျှော့/တိုးမြှင့်ရန်လိုအပ်သည့် ကိစ္စရပ်များမပါ)အား ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်အထိ ရက်တိုးမြှင့်သတ်မှတ်ဆောင်ရွက်ထားကြောင်း COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ မှ ယနေ့ ဒီဇင်ဘာ ၂၉ ရက်တွင် အသိပေးကြေညာချက်ထုတ်ပြန်ခဲ့သည်။ ပြည်သူလူထုအနေဖြင့် ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များကို ယခုထက် ပိုမိုတိကျစွာ လိုက်နာဆောင်ရွက်ကြမှသာလျှင် ရောဂါဖြစ်ပွားမှုနှုန်း ကျဆင်းလာမည် ဖြစ်ကြောင်း ဝန်ကြီးဌာနက ထုတ်ပြန် ထားသည်။ (Xinhua)