Connect with us

MYANMAR

ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး)တွင်လည်း COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးမှုများ ပြုလုပ်နိုင်ရေးဆောင်ရွက်လျက်ရှိ 

မန္တလေးတိုင်းဒေသကြီး တွင် COVID-19 ကာကွယ်ရေး ဆေးဖြန်းမှုများဆောင်ရွက်နေစဉ် (ဓာတ်ပုံ-- MOI)

 

ရန်ကုန်၊ မတ် ၂၉ ရက် (ဆင်ဟွာ) 

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) တွင်သာမက ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) တွင်လည်း COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးမှုများ ပြုလုပ်နိုင်ရေး စီမံဆောင်ရွက်မည့်ကိစ္စရပ်အား COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး ဗဟိုအဆင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၄၄/၂၀၂၀) တွင် ဆွေးနွေးခဲ့ကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန က မတ် ၂၉ ရက် တွင်  သတင်းထုတ်ပြန်ခဲ့သည်။

ရန်ကုန်မြို့ ရှိ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန  (National Health Laboratory)၌ ကိုရိုနာဗိုင်းရပ်စ် သံသယလူနာများတွင် COVID-19 ဗိုင်းရပ်စ်ရောဂါရှိ/မရှိကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ရည်ညွှန်းဓာတ်ခွဲခန်းတစ်ပြိုင်ဖြင့် ဓာတ်ခွဲစစ်ဆေးမှုများအားဖေဖော်ဝါရီ ၂၀ ရက်တွင် စတင်စစ်ဆေးခဲ့ကြောင်း သိရသည်။ 

ယနေ့ အထိ မြန်မာနိုင်ငံ တွင် COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာ (၈) ဦးရှိပြီး ၎င်းတို့နှင့် ထိတွေ့ခဲ့သူများကို ရှာဖွေ ထောက်လှမ်းခဲ့ရာ (၄၇၀) ဦးကျော်ကို တွေ့ရှိခဲ့ပြီး ၎င်းတို့တွင် ရောဂါကူးစက် ခံထားရခြင်း ရှိ၊ မရှိနှင့် ရှိခဲ့ပါက ၎င်းတို့မှတစ်ဆင့်ထပ်မံကူးစက်ပြန့်ပွားခြင်းမရှိစေရေးအတွက် အသွား အလာ ကန့်သတ်စောင့်ကြပ်ကြည့်ရှုခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။  (Xinhua)