Connect with us

MYANMAR

COVID-19 ရောဂါပိုး တွေ့ရှိသူ ရက်သတ္တပတ် တစ်ပတ် အတွင်း ၁၀ ဦးထိ ရှိလာ 

ပုံစာ - ရန်ကုန်မြို့လယ်၌ ပိုးသတ်ဆေး ဖြန်းခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှုအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ မတ် ၂၉ ရက်(ဆင်ဟွာ) 

မြန်မာနိုင်ငံ ၌COVID-19 ရောဂါပိုး တွေ့ရှိသူ နှစ်ဦးအား ထပ်မံ စစ်ဆေး တွေ့ရှိခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ယနေ့ မတ် ၂၉ ရက် ည ၁၀ နာရီခွဲအချိန်တွင် ကြေညာခဲ့ပြီးနောက် ရက်သတ္တပတ် တစ်ပတ်အတွင်း စုစုပေါင်း ၁၀ ဦး အထိ ရှိလာခဲ့ကြောင်း သိရသည်။

COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ နှစ်ဦး ရှိကြောင်း ဝန်ကြီးဌာနက ပထမဆုံး အကြိမ် မတ် ၂၃ ရက်တွင် စတင် ကြေညာခဲ့ပြီး ယခု မတ် ၂၉ ရက်အထိတွင် ၁၀ ဦး အထိ ရှိလာခဲ့ခြင်း ဖြစ်သည်။ယခု မတ် ၂၉ ရက်တွင် COVID-19 ရောဂါပိုး ထပ်မံတွေ့ရှိခဲ့သူ နှစ်ဦးမှာ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ပုလဲမြို့သစ်တွင် နေထိုင်သော အသက် (၄၄) နှစ်အရွယ် မြန်မာနိုင်ငံသား အမျိုးသားတစ်ဦး နှင့် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့် မြို့နယ်တွင်နေထိုင်သော အသက် (၄၅) နှစ် အရွယ် မြန်မာနိုင်ငံသား အမျိုးသားတစ်ဦးတို့ ဖြစ်ကြောင်း သိရသည်။ 

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ပုလဲမြို့သစ်တွင် နေထိုင်သော အသက် (၄၄) နှစ်အရွယ် မြန်မာနိုင်ငံသား အမျိုးသားတစ်ဦးမှာ မတ် ၂၃ ရက်တွင် ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ မြဝတီမြို့မှတစ်ဆင့် ဝင်ရောက်ခဲ့ကာ မတ် ၂၆ ရက်တွင် မင်္ဂလာဒုံမြို့နယ်သို့ ရောက်ရှိခဲ့ကြောင်း ၊ ၎င်းသည် မတ် ၂၆ ရက်တွင် ဖျားခြင်း၊ ချောင်းဆိုးခြင်းရောဂါလက္ခဏာများ ခံစားခဲ့ရသဖြင့် ပြည်သူ့ဆေးရုံ၊ ပုလဲမြို့သစ်၌ ရက်နေ့တွင် စောင့်ကြည့်လူနာအဖြစ် ဆေးကုသမှုခံယူကာ ဓာတ်ခွဲနမူနာအား ပေးပို့စစ် ဆေးခဲ့ခြင်းဖြစ်ကြောင်း ၊ အဆိုပါလူနာအား ဝေဘာဂီအထူးကုဆေးရုံသို့ လွှဲပြောင်းကုသမှု ခံယူစေမည်ဖြစ်ကြောင်း သိရသည်။ 

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့် မြို့နယ်တွင်နေထိုင်သော အသက် (၄၅) နှစ် အရွယ် မြန်မာနိုင်ငံသား အမျိုးသားတစ်ဦးသည်  COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (Case-05) နှင့် အနီးကပ်ထိတွေ့ခဲ့သည့် ရာဇဝင်ရှိသည့်အတွက် မတ် ၂၈ ရက်တွင် ဝေဘာဂီအထူးကုဆေးရုံ၌ အသွားအလာကန့်သတ်ခြင်း (Hospital Quarantine) ဆောင်ရွက်ထားရှိပြီး ၎င်းထံမှဓာတ်ခွဲနမူနာရယူပြီး ပေးပို့စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း ၊ အဆိုပါလူနာအား ဝေဘာဂီအထူးကုဆေးရုံကြီးတွင် သီးခြားထားရှိ၍ ဆေးကုသမှု ဆက်လက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ 

အဆိုပါ ဓာတ်ခွဲအတည်ပြုလူနာနှစ်ဦး၏ လတ်တလောကျန်းမာရေးအခြေအနေမှာ ကောင်းမွန်လျက်ရှိကြောင်း သိရသည်။ ယခုအခါ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာများ တွေ့ရှိလာ သဖြင့် အဆိုပါလူနာများနှင့် အနီးကပ်ထိတွေ့ဆက်စပ်မှုရှိသူများအား ရှာဖွေဖော်ထုတ်ပြီး အသွားအလာတားမြစ်ပိတ်ပင်၍ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ (Xinhua)