Connect with us

MYANMAR

COVID-19 အတည်ပြုလူနာများအနက် ဆေးရုံဆင်းခွင့်ရရှိသူ ၈၇ ရာခိုင်နှုန်းရှိကြောင်းဆို

နှာခေါင်းစည်းဖြင့် သွားလာနေကြသူများအား တွေ့ရစဉ် (ဆင်ဟွာ)

 

ရန်ကုန်၊ ဇန်နဝါရီ ၉ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

လွန်ခဲ့သော ၂၄ နာရီအတွင်း COVID-19 အတည်ပြုလူနာသစ် ၅၆၆ ဦး ရှိပြီး ယနေ့အထိ အတည်ပြုလူနာစုစုပေါင်း ၁၃၀,၀၄၉ ဦး ရှိရာ ယနေ့ ဆေးရုံဆင်းခွင့်ရရှိသူ ၆၇၄ ဦးရှိပြီး ဆေးရုံဆင်းခွင့်ရရှိသူစုစုပေါင်း ၁၁၃,၅၅၀ ဦးရှိလာကြောင်း၊ ထို့ကြောင့် ပြန်ကောင်းပြီး ဆေးရုံမှဆင်းသူ ၈၇ ရာခိုင်နှုန်းရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ဆင်ဟွာသို့ ဇန်နဝါရီ ၉ ရက်တွင်ပြောသည်။

“ရန်ကုန်တိုင်းဒေသကြီးမှာ ဆေးရုံတက်ရောက်ကုသသူက ၂၇၀၀ ကျော်၊ မန္တလေးတိုင်းဒေသကြီးမှာ ၁၇၀၀ နဲ့ ၁၈၀၀ ကြားရှိပါတယ်။ တခြားတိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာလည်း အရမ်းမများတော့ဘူး။ နောက်ပြီး ပိုးတွေ့သူနဲ့ ဆေးရုံဆင်းသူဆိုရင် ဆေးရုံဆင်းသူက ပိုများနေတာတွေ့ရတယ်။ ဒါက အခြေအနေကောင်းတစ်ခုကို ရောက်ရှိနေပါတယ်။ ဒါပေမယ့် ပိုးတွေ့လူနာတွေနည်းဖို့ ၊ ဒီအခြေအနေကောင်းကို ဆက်ထိန်းနိုင်ဖို့ဆိုတာ အားလုံးရဲ့ ပူးပေါင်းဆောင်ရွက်မှုမှာ မူတည်နေပါတယ်။ လက်ရှိ အခြေအနေကို ဆက်ပြီးထိန်းထားနိုင်ရင် ဒုတိယလှိုင်းကို အောင်မြင်စွာ ထိန်းချုပ်နိုင်မှာဖြစ်ပါတယ်။’’ ဟု ဒေါက်တာခင်ခင်ကြီးက ဖြည့်စွက်ပြောကြားသည်။

ယနေ့ ဇန်နဝါရီ ၉ ရက်တွင် COVID-19 ဓာတ်ခွဲနမူနာပေါင်း ၁၉,၈၀၆ ခုအားစစ်ဆေးခဲ့ပြီး ပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ ၂ ဒဿမ ၉ ရာခိုင်နှုန်းရှိကြောင်း၊ သေဆုံးလူနာ ၁၄ ဦးရှိပြီး ထိုသူအားလုံးမှာ ရောဂါအခံရှိသူများဖြစ်ကြောင်း၊ ယနေ့အထိ သေဆုံးလူနာစုစုပေါင်း ၂၈၂၆ ဦး ရှိပြီဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)