Connect with us

MYANMAR

နိုင်ငံတော်သမ္မတရုံး၌ လေးလအတွင်း ဝန်ထမ်း ၁၆ ဦးတွင် COVID-19 ပိုး တွေ့ရှိ

နေပြည်တော်၏ အချက်အချာ သပြေကုန်းအဝိုင်းကို တွေ့ရစဉ်(ဆင်ဟွာ)

နေပြည်တော်၊ ဇန်နဝါရီ ၈ ရက်(ဆင်ဟွာ) ရေးသားသူ / စိုးသန်းလင်း

နိုင်ငံတော်သမ္မတရုံး၌ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၁၀ ရက်မှ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၄ ရက်နေ့ အထိ လေးလအတွင်း ဝန်ထမ်း ၁၆ ဦးတို့တွင် COVID-19 ရောဂါပိုး တွေ့ရှိခဲ့ကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်၊ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ယနေ့ ညနေပိုင်း ပြုလုပ်သည့် သမ္မတအိမ်တော် သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

“၉ လပိုင်း ၁၀ ရက်နေ့မှာ တစ်ယောက် စတွေ့တယ်၊ အိမ်တော် ဝန်ထမ်း စုစုပေါင်း ၆၂ ယောက်ကို ဆေးစစ်တယ်၊ Quarantine က ၅၃ ယောက် ဝင်လိုက်ရတယ်၊ ကျန်တဲ့ အဖွဲ့တွေ Negative ဖြစ်ပါတယ်၊ ပြီးတော့ ၉ လပိုင်း ၁၃ ရက်နေ့မှာ အိမ်တော် ဝန်ထမ်း တစ်ယောက် ထပ်တွေ့တယ်၊ Quarantine အယောက် ၂၀ ဝင်တယ်၊ အယောက် ၂၀ လုံး Negative ဖြစ်ပါတယ်” ဟု ၎င်းက ရှင်းပြခဲ့သည်။

ထို့နောက် ဒီဇင်ဘာ ၁၉ ရက်နေ့တွင် ရုံးအမှတ်(၁၈)၊ လူပျိုဆောင်နေ ဝန်ထမ်းတစ်ဦး၌ ပိုးတွေ့ရှိရသဖြင့် Quarantine အယောက် ၃၀ ဝင်ရကာ ၃၄ ဦးတို့ကို ဆေးစစ်ခဲ့ရကြောင်း၊ ဒီဇင်ဘာ ၂၂ ရက်နေ့တွင် Quarantine ထားရှိသူ ၃၀ ဦးထဲမှ ရှစ်ဦးတွင် ရောဂါပိုး တွေ့ရှိရကြောင်း၊ ဒီဇင်ဘာ ၂၉ ရက်တွင် ပိုးတွေ့ လူနာ သုံးဦး ထပ်မံ တွေ့ရှိရကြောင်း၊ ၎င်းတို့မှာ ဒီဇင်ဘာ ၁၉ ရက် ပိုးတွေ့လူနာနှင့် ဆက်စပ်၍ စည်ပင်ရိပ်သာတွင် Quarantine ထားရှိသော သမ္မတရုံး အမှတ်(၁၈) မှ ဝန်ထမ်းများထဲမှ ဒုတိယအကြိမ် စစ်ဆေးရာတွင် တွေ့ရှိရခြင်း ဖြစ်ကြောင်း၊ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၃ ရက်နေ့တွင် ရုံး (၁၈)မှ ဝန်ထမ်းတစ်ဦး၊ ဇန်နဝါရီ ၄ ရက်နေ့တွင် သမ္မတအိမ်တော်မှ ဝန်ထမ်းတစ်ဦး ထပ်မံပိုးတွေ့ ရှိသဖြင့် ပိုးတွေ့ရှိသူ စုစုပေါင်း ၁၆ ဦး ဖြစ်ကြောင်း၊ ထိတွေ့ ဆက်စပ်သူ ၂၀၁ တစ်ဦးတို့ကို ဆေးစစ်ခဲ့ရပြီး Quarantine စင်တာ၌ ၁၂၂ ဦး ထားရှိခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ COVID-19 ရောဂါဖြစ်ပွားမှု အခြေအနေမှာ ယနေ့ ည ၈:၀၀ နာရီအထိ အတည်ပြုလူနာ စုစုပေါင်း ၁၂၉, ၄၈၃ ဦး၊ ဆေးရုံမှ ဆင်းခွင့်ရရှိသူ ၁၁၂, ၈၇၆ ဦး၊ သေဆုံးလူနာ ၂, ၈၁၂ ဦး ရှိကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရှိရသည်။ (Xinhua)

 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117