Connect with us

MYANMAR

COVID-19 ပိုးတွေ့လူနာ အရေအတွက် ၅၀၀ ဦးအောက် သုံးရက်ဆက်တိုက် ရှိခဲ့

ရန်ကုန်မြို့၌ နှာခေါင်းစည်း တပ်ဆင်သွားလာသူများအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဇန်နဝါရီ ၁၈ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန်

COVID-19 နေ့စဉ် စမ်းသပ်တွေ့ရှိမှုများအရ ပိုးတွေ့လူနာ အရေအတွက်မှာ ၅၀၀ ဦးအောက် သုံးရက်ဆက်တိုက် ကျဆင်းလာခဲ့ပြီး ဇန်နဝါရီ ၁၈ ရက်တွင် လူနာသစ် ၄၇၇ ဦး စစ်ဆေးတွေ့ရှိခဲ့ကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ ထုတ်ပြန်မှု အရ သိရသည်။

COVID-19 ပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာလည်း လေးရက်ဆက်တိုက် ၂ ရာခိုင်နှုန်းကျော်တွင်သာ ရှိခဲ့ပြီး ဇန်နဝါရီ ၁၈ ရက်တွင် ဓာတ်ခွဲနမူနာ ၁၈,၈၃၅ ခုအား စစ်ဆေးခဲ့ပြီး ပိုးတွေ့လူနာ ၄၇၇ ဦး ရှိကာ ပိုးတွေ့ရှိမှု ၂ ဒသမ ၅ ရာခိုင်နှုန်းခဲ့ရှိကြောင်း သိရသည်။

လွန်ခဲ့သော ၂၄ နာရီအတွင်း ဆေးရုံဆင်းခွင့် ရရှိသူ အရေအတွက်မှာ ၅၃၇ ဦး ရှိပြီး ဆေးရုံများမှ ၄၁၀ ဦး နှင့် COVID-19 ရောဂါကုသရေးဌာနများ(ရန်ကုန်မြို့)မှ ၁၂၇ ဦး ပါဝင်ကြောင်း သိရသည်။ထို့အတူ ၂၄ နာရီအတွင်း သေဆုံးလူနာ ၁၈ ဦး ရှိကာ ၎င်းတို့အနက် ရောဂါအခံရှိသူ ၁၅ ဦး ပါဝင်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ ဇန်နဝါရီ ၁၈ ရက်အထိ COVID-19 ဓာတ်ခွဲအတည်ပြုလူနာပေါင်း ၁၃၄,၇၉၅ ဦး ၊ ဆေးရုံဆင်းခွင့် ရရှိသူပေါင်း ၁၁၈,၂၀၀ ဦး နှင့် သေဆုံးလူနာ ၂,၉၇၃ ဦး ရှိလာခဲ့ကြောင်း သိရသည်။ပြည်သူလူထုအနေဖြင့် ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနမှ တစ်ပြည်လုံးအတိုင်းအတာဖြင့် ဆောင်ရွက်နေသည့် ပါးစပ် နှင့် နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ရေး လူထုလှုပ်ရှားမှု စီမံချက်(Mask and Face Shield Campaign) ၌ ပါဝင်သော ဆောင်ရွက်ရမည့် အချက်များကို တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းနှင့် တစ်ဦးကိုတစ်ဦး အသိပေးခြင်း/သတိပေးခြင်း မိသားစု စီမံချက်အတိုင်း COVID-19 ရောဂါကာကွယ်ရေး နည်းလမ်းများအား အသိပေးခြင်း နှင့် သတိပေးခြင်းတို့ ဆောင်ရွက်မှာသာလျှင် ရောဂါကူးစက်ပြန့်ပွားမှုကို အမြန်ဆုံး ထိန်းချုပ်နိုင်မည် ဖြစ်ကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ (Xinhua)