Connect with us

MYANMAR

COVID-19 ပိုးတွေ့နှုန်း ကျဆင်းလာသော်လည်း ပန်းတိုင် မရောက်ခင် တက်ထောင်ခြင်းမပြုရန် သတိပေး

ရန်ကုန်မြို့၌ နှာခေါင်းစည်း တပ်ဆင်၍ ဈေးရောင်းချနေသူတစ်ဦးအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဇန်နဝါရီ ၁၉ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန်

မြန်မာနိုင်ငံ၌ COVID-19 နေ့စဉ်စမ်းသပ်တွေ့ရှိရမှုနှုန်းမှာ တစ်လအတွင်း ၅ ရာခိုင်နှုန်းအောက် ကျဆင်းလာခဲ့သော်လည်း ရည်မှန်းထားသည့် ပန်းတိုင် မရောက်သေးသဖြင့် တက်ထောင်ခြင်း မပြုရန် ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန ပြောရေးဆိုခွင့် အဖွဲ့ဝင် ၊ ကျန်းမာရေး အသိပညာမြှင့်တင်ရေး ဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးက ဆင်ဟွာသို့ ယနေ့ ပြောကြားခဲ့သည်။

COVID-19 နေ့စဉ်စမ်းသပ်တွေ့ရှိရမှုနှုန်းမှာ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၁၈ ရက်နောက်ပိုင်းတွင် လေးရာခိုင်နှုန်းကျော် နှင့် သုံးရာခိုင်နှုန်းကျော် အသီးသီး ရှိခဲ့ရာမှ ယခုရက်ပိုင်းတွင် လေးရက်ဆက်တိုက် ၂ ရာခိုင်နှုန်းကျော်သာ ရှိလာခဲ့ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန၏ ထုတ်ပြန်မှုများအရ သိရသည်။

ကျွန်တော်တို့က ရည်မှန်းတဲ့ ပန်းတိုင်တော့ မရောက်သေးဘူးပေါ့ ။ တစ်ယောက် ရှိနေသေးရင်တောင် ရောဂါရဲ့ သဘောအရ အန္တရာယ် ရှိနေသေးတဲ့သဘောပေါ့။ ကူးစက်မှု အန္တရာယ်ကို ခြိမ်းခြောက်တာ စိန်ခေါ်မှုပေါ့ ။ အဲဒီတော့ ဒီနေရာမှာ တက်ထောင်လို့ မရဘူး ။ ကျွန်တော်တို့သည် ဆက်လက်ပြီးတော့ ကျသထက် ကျဆင်းအောင် နောက်ဆုံး COVID-19 ရောဂါ ကင်းစင်တဲ့နိုင်ငံ ဖြစ်အောင် ကျွန်တော်တို့အားလုံးက အတူတကွ ပူးပေါင်းပြီးတော့ Mask တပ်ခြင်း ၊ လက်ဆေးခြင်း ၊ ခပ်ကွာကွာနေခြင်း ၊ တစ်ဦး နှင့် တစ်ဦး အသိပေးခြင်း ၊ သတိပေးခြင်း ၊ လမ်းပေါ်မှာ Mask မတပ်ဘဲ သွားတဲ့သူကို Mask သွားပြီး ဝေပေးလိုက်တာမျိုး ဒါတွေက အင်မတန်မှ ထိရောက်တဲ့ ကာကွယ်ရေး နည်းလမ်းတွေ ဖြစ်ပါတယ်။”ဟု ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးက ပြောကြားခဲ့သည်။ ယခုအခါတွင် COVID-19 ဓာတ်ခွဲအတည်ပြုလူနာပေါင်း ၁၃၄,၇၉၅ ဦး ရှိသည့်အနက် ဆေးရုံဆင်းခွင့် ရရှိသူပေါင်း ၁၁၈,၂၀၀ ဦး ရှိလာခဲ့ပြီး သေဆုံးလူနာ ၂,၉၇၃ ဦး ရှိလာခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ ဒုတိယလှိုင်းကို ခံစားပြီး ဒီလောက်ထိ ကျလာတယ်ဆိုတာ ပြည်သူတွေရဲ့ ပူးပေါင်းပါဝင်မှုကြောင့်ပါပဲ ။ အဓိကတော့ Mask တပ်မယ် ၊ လက်ဆေးမယ် ၊ ခပ်ကွာကွာနေမယ်ဆိုရင် ဗိုင်းရပ်စ်ပိုးက ရှိတဲ့သူရဲ့ ခန္ဓာကိုယ်ထဲမှာပဲ ပျက်စီးသွားမယ် ။ နောက်တစ်ယောက်ကို မကူးစက်နိုင်တော့ဘူးပေါ့။ဒီလိုနဲ့ပဲ ကူးစက်မှု ကွင်းဆက်တွေ ပြတ်တောက်ပြီးတော့ flattening the curve တို့ slow the spread တို့ရတာပေါ့။”ဟု ဒေါက်တာသန်းနိုင်စိုးက ဆင်ဟွာသို့ ယနေ့ ပြောကြားခဲ့သည်။

ပြည်သူလူထုအနေဖြင့် ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနမှ တစ်ပြည်လုံးအတိုင်းအတာဖြင့် ဆောင်ရွက်နေသည့် ပါးစပ် နှင့် နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ရေး လူထုလှုပ်ရှားမှု စီမံချက်(Mask and Face Shield Campaign) ၌ ပါဝင်သော ဆောင်ရွက်ရမည့် အချက်များကို တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းနှင့် တစ်ဦးကိုတစ်ဦး အသိပေးခြင်း/သတိပေးခြင်း မိသားစု စီမံချက်အတိုင်း COVID-19 ရောဂါကာကွယ်ရေး နည်းလမ်းများအား အသိပေးခြင်း နှင့် သတိပေးခြင်းတို့ ဆောင်ရွက်မှာသာလျှင် ရောဂါကူးစက်ပြန့်ပွားမှုကို အမြန်ဆုံး ထိန်းချုပ်နိုင်မည် ဖြစ်ကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117