Connect with us

MYANMAR

COVID-19 လူနာသစ်တွေ့ရှိမှု ၄၀၀ ဦးအောက် ကျဆင်း ၊ ပိုးတွေ့ရှိမှု ၂ ဒသမ ၁ ရာခိုင်နှုန်းရှိ

ရန်ကုန်မြို့တွင် နှာခေါင်းစည်း တပ်ဆင်သွားလာသူများအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဇန်နဝါရီ ၂၅ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန်

COVID-19 ပိုးတွေ့လူနာသစ် အရေအတွက်သည် ဇန်နဝါရီ ၂၅ ရက်တွင် ၃၈၃ ဦး ရှိခဲ့ပြီး ပိုးတွေ့ရှိမှု နှုန်းမှာ ၂ ဒသမ ၁ ရာခိုင်နှုန်း ရှိကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ ထုတ်ပြန်မှုအရ သိရသည်။

လွန်ခဲ့သော ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာ ၁၇,၉၂၄ ခုအား စစ်ဆေးခဲ့ပြီးနောက် လူနာသစ် ၃၈၃ ဦး တွေ့ရှိခဲ့ပြီး ဆေးရုံဆင်းခွင့် ရရှိသူ ၅၅၈ ဦး နှင့် သေဆုံးလူနာ ၇ ဦး ရှိကြောင်း သိရသည်။
ပိုးတွေ့လူနာ နှင့် ပိုးတွေ့ရှိမှုရာခိုင်နှုန်းမှာလည်း ဆယ်ရက်အတွင်း အနိမ့်ဆုံး ဖြစ်ခဲ့သည်။ COVID-19 စမ်းသပ်တွေ့ရှိမှုနှုန်းသည် ဓာတ်ခွဲစစ်ဆေးသည့် အရေအတွက်ပေါ်၌လည်း မူတည်နေပြီး ဇန်နဝါရီ ၁၆ ရက်မှ ၂၅ ရက်အထိ နေ့စဉ် စစ်ဆေးသော ဓာတ်ခွဲနမူနာများ၏ ပျှမ်းမျှ အရေအတွက်မှာ ၁၈,၉၅၄ ခု ဖြစ်ကြောင်း သိရသည်။

အင်္ဂလန်နိုင်ငံ၊ တောင်အာဖရိကနိုင်ငံနှင့် နိုင်ဂျီးရီးယားနိုင်ငံတို့တွင် စတင်တွေ့ရှိခဲ့ပြီး ယခုအခါ ကမ္ဘာ့နိုင်ငံများ၌ တွေ့ရှိနေရသော “ပိုမိုလျင်မြန်စွာ ကူးစက်ပျံ့နှံ့နိုင်သည့် မျိုးဗီဇပြောင်း SARS-CoV-2 မျိုးကွဲသစ်များ” ဖြစ်သည့် VOC-202012/01 (lineage B.1.1.7)၊ 501.V2 နှင့် P681H တို့ကို မြန်မာနိုင်ငံတွင် ယခုအချိန်အထိ မတွေ့ရှိရသေးကြောင်း ၊ သို့ရာတွင် COVID-19 ကို ဖြစ်စေသည့် SARS-CoV-2 သည် ဗိုင်းရပ်စ်၏ သဘောသဘာဝအရ မျိုးဗီဇပြောင်းလဲနိုင်ပါ၍ မြန်မာနိုင်ငံအတွင်း လက်ရှိကူးစက် ပျံ့နှံ့နေသော SARS-Cov-2 ဗိုင်းရပ်စ်ပိုးသည်လည်း ပိုမိုကူးစက်မြန်သော ဗိုင်းရပ်စ်ပိုး မျိုးကွဲအသစ်အဖြစ်သို့ အချိန်မရွေး ပြောင်းလဲသွားနိုင်သည်ကို အထူးသတိပြုကြရမည် ဖြစ်ကြောင်းဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်ထားသည်။

COVID-19 ကူးစက်ဖြစ်ပွားသူ အရေအတွက်များပြားပါက SARS-CoV-2 ဗိုင်းရပ်စ်ပိုးသည် မျိုးဗီဇပြောင်းလဲရန် အခွင့်အလမ်း ပိုမိုများပြားပြီး ကူးစက်ဖြစ်ပွားသူ အရေအတွက် နည်းပါးပါက မျိုးဗီဇပြောင်းလဲရန် အခွင့်အလမ်း နည်းကြောင်း ၊ ပြည်သူများအနေဖြင့် COVID-19 ကာကွယ်ရေးစည်းကမ်းများကို တိကျစွာ လိုက်နာကြရန် အရေးကြီးကြောင်း ထည့်သွင်း ထုတ်ပြန်ခဲ့သည်။

ပြည်သူလူထုအနေဖြင့် ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနမှ တစ်ပြည်လုံးအတိုင်းအတာဖြင့် ဆောင်ရွက်နေသည့် ပါးစပ် နှင့် နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ရေး လူထုလှုပ်ရှားမှု စီမံချက်(Mask and Face Shield Campaign) ၌ ပါဝင်သော ဆောင်ရွက်ရမည့် အချက်များကို တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းနှင့် တစ်ဦးကိုတစ်ဦး အသိပေးခြင်း/သတိပေးခြင်း မိသားစု စီမံချက်အတိုင်း COVID-19 ရောဂါကာကွယ်ရေး နည်းလမ်းများအား အသိပေးခြင်း နှင့် သတိပေးခြင်းတို့ ဆောင်ရွက်မှာသာလျှင် ရောဂါကူးစက်ပြန့်ပွားမှုကို အမြန်ဆုံး ထိန်းချုပ်နိုင်မည် ဖြစ်ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ (Xinhua)