Connect with us

MYANMAR

နိုင်ငံတစ်ဝန်း COVID-19 ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်း ဖေဖော်ဝါရီ ၅ ရက် စတင်မည်

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ်တွင် COVID-19 ကာကွယ်ဆေးထိုးနှံနိုင်ရေး စာရင်းလာပေးနေကြသူများအား ဇန်နဝါရီ ၂၄ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဇန်နဝါရီ ၂၆ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန်

မြန်မာနိုင်ငံ၌ COVID-19 ကာကွယ်ဆေးကို ဇန်နဝါရီ ၂၇ ရက်မှ စတင်၍ ထိုးနှံသွားမည် ဖြစ်ပြီး နိုင်ငံတစ်ဝန်း COVID-19 ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို ဖေဖော်ဝါရီ ၅ ရက်မှ စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နှင့် ပြည်ထောင်စုအဆင့်၊ တိုင်းဒေသကြီး/ ပြည်နယ်အဆင့် အစိုးရအဖွဲ့ဝင်များလည်း ပြည်သူများနှင့်အတူ စတင်ထိုးနှံသွားမည် ဖြစ်ကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနမှ ယနေ့ ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံတွင် COVID-19 ကာကွယ်ဆေး ပထမဦးဆုံး စတင်ထိုးနှံခြင်း အစီအစဉ်အား ထုတ်ပြန်ရာတွင် COVID-19 ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းတွင် ရှေ့တန်းမှ တာဝန်ယူဆောင်ရွက်နေသော ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများကို ဇန်နဝါရီ ၂၇ ရက်မှ စတင်၍ ထိုးနှံပေးသွားမည်ဖြစ်ပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များကို ဇန်နဝါရီ ၂၉ ရက်တွင် လည်းကောင်း ၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များနှင့် တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်များကို ဇန်နဝါရီ ၃၀ ရက်တွင် လည်းကောင်း ထိုးနှံပေးသွားမည် ဖြစ်သည်။

ထိုသို့ထိုးနှံရာတွင် မိမိအိမ်တွင်နေထိုင်ရေးအစီအစဉ် (Stay at home) တွင် အကျုံးဝင်သော မြို့နယ်များ၌ နေထိုင်ပြီး အသက်ကြီးသူများ၊ အခြားရောဂါအခံရှိသူများနှင့် ရောဂါရရှိမှုလွယ်သော လူအုပ်စု များကို ဦးစားပေးကာ ထိုးနှံပေးသွားမည် ဖြစ်ကြောင်း ၊ ကာကွယ်ဆေးရရှိမှု အရေအတွက်အပေါ်မူတည်၍ Stay at home အစီအစဉ်တွင် အကျုံးဝင်သော မြို့နယ်များအနက် ကူးစက်ဖြစ်ပွားမှု များပြားသော မြို့နယ်များ၊ နေရာဒေသများကို ဦးစားပေးရွေးချယ် ထိုးနှံပေးသွားမည် ဖြစ်ကြောင်း နှင့် ဆက်လက်ရရှိလာမည့် ကာကွယ်ဆေးအရေအတွက် အပေါ်မူတည်၍ ကျန်လူအုပ်စုများကိုလည်း ဦးစားပေးအစီအစဉ်အလိုက် ဆက်တိုက်ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော် ဘဏ္ဍာငွေဖြင့် COVISHIELD / Astrazeneca ကာကွယ်ဆေး အကြိမ် (dose) အရေအတွက် သန်း (၃၀)ကို ဝယ်ယူထားပြီးဖြစ်ကာ ဖေဖော်ဝါရီလ ပထမအပတ်အတွင်း ကာကွယ်ဆေးအကြိမ်ရေ (၂)သန်းခန့် ကနဦးရောက်ရှိလာမည် ဖြစ်ကြောင်း ၊ COVAX facility မှ ကာကွယ်ဆေးများသည် မတ်လတွင် စတင်၍လည်းကောင်း၊ နိုင်ငံတော်ဘဏ္ဍာငွေဖြင့် ဝယ်ယူထားသော ကာကွယ်ဆေးများသည် ဧပြီလတွင်လည်းကောင်း လစဉ်အသုတ်လိုက် ဆက်လက်ရရှိသွားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံသည် COVID-19 ကာကွယ်ဆေးရရှိရန် COVAX facility သို့ အဆိုပြုခြင်း၊ နိုင်ငံတော် အစိုးရဘဏ္ဍာငွေဖြင့် ဝယ်ယူခြင်း၊ နိုင်ငံအစိုးရအချင်းချင်း ချစ်ကြည်ရေး အစီအစဉ်ဖြင့် လက်ခံရရှိခြင်း စသည့် နည်းလမ်းများဖြင့် အရည်အသွေးမြင့်မား၍ လုံခြုံစိတ်ချရသော ကာကွယ်ဆေးများကို ရရှိရန် ကြိုးပမ်းခဲ့ကြောင်း ထုတ်ပြန်မှုတွင် ထည့်သွင်း ဖော်ပြခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.