Connect with us

MYANMAR

တစ်နိုင်ငံလုံးတွင် ဆက်လက်၍ COVID-19 ကာကွယ်ဆေးထိုးနှံခြင်းအား ဖေဖော်ဝါရီ ၅ ရက်မှစတင်၍ ဆောင်ရွက်လျက်ရှိကြောင်းဆို

ရန်ကုန်တိုင်းဒေသကြီးတွင် ကျန်းမာရေးဝန်ထမ်းတစ်ဦးအား COVID-19 ကာကွယ်ဆေး ထိုးနှံပေးနေစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၅ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

တစ်နိုင်ငံလုံးတွင် ဆက်လက်၍ COVID-19 ကာကွယ်ဆေးထိုးနှံပေးမည့်အစီအစဉ်ကို ဖေဖော်ဝါရီ ၅ ရက်နေ့မှ စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် COVID-19 ကာကွယ်ဆေးထိုးနှံခြင်းကို ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၂၇ ရက်တွင် စတင်ဆောင်ရွက်ခဲ့ပြီး COVID-19 ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများတွင် တာဝန်ထမ်းဆောင်နေသော ကျန်းမာရေးဝန်ထမ်းနှင့် စေတနာ့ဝန်ထမ်း ၁၀၃,၁၄၂ ဦးအား ကာကွယ်ဆေးထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာမှ သတင်းထုတ်ပြန်ခဲ့သည်။

ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြောရေးဆိုခွင့် အဖွဲ့ဝင် ၊ ကျန်းမာရေး အသိပညာမြှင့်တင်ရေး ဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုး က “ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို ကျွန်တော်တို့ဆက်ပြီး ဆောင်ရွက်ပေးနေတယ်။ ကာကွယ်ဆေးထိုးနှံခြင်းနဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်အလက်ကို ကျွန်တော်တို့ ထုတ်ပြန်ခဲ့ပြီးဖြစ်ပါတယ်။’’ ဟု ဆင်ဟွာသို့ ဖေဖော်ဝါရီ ၅ ရက်တွင် ပြောသည်။

ဖေဖော်ဝါရီလအတွင်းတွင် COVID-19 ကာကွယ်ဆေးထိုးနှံပေးမည့် အုပ်စုများမှာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ဝန်ကြီးဌာနများနှင့် ဗဟိုရုံးချုပ်များ တိုင်းဒေသကြီး/ပြည်နယ်အဆင့်ဝန်ကြီးဌာနအသီးသီးမှ ညွှန်ကြားရေးမှူးအဆင့်နှင့် အထက်နိုင်ငံ့ဝန်ထမ်းများ၊ မိမိတို့ အိမ်တွင်သာနေထိုင်ရမည့် အစီအစဉ် (Stay-at-Home) တွင် ပါဝင်သည့် မြို့နယ်ပေါင်း ၄၀ မှ အသက် ၆၅ နှစ်နှင့် အထက်ပြည်သူများ၊ ယခင်အစိုးရလက်ထက် တာဝန်ထမ်းဆောင်ခဲ့သော ပြည်ထောင်စုအဆင့်ဝန်ကြီးများ ၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့ဝင်များ ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

၂၀၂၁ ခုနှစ် မတ်လမှ စတင်ဆောင်ရွက်မည့် COVID-19 ကာကွယ်ဆေးထိုးအစီအစဉ်တွင် လအလိုက်ကာကွယ်ဆေးထိုးပေးမည့် လူအုပ်စုများနှင့် ပတ်သက်၍ ဆက်လက်သတင်းထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် အိန္ဒိယနိုင်ငံမှ လက်ဆောင်အဖြစ်ပေးအပ်သော COVID-19 ကာကွယ်ဆေး COVISHIELD ၁.၅ သန်းအားရရှိထားပြီးဖြစ်ကြောင်း၊ အိန္ဒိယနိုင်ငံ၊ Serum Institute of India (SII) မှ ဝယ်ယူထားသော COVID-19 ကာကွယ်ဆေး COVISHIELD သန်း ၃၀ သည်လည်း လစဉ်အသုတ်လိုက် ရောက်ရှိလာမည်ဖြစ်ကြောင်း၊ Gavi COVAX facility မှ ထောက်ပံ့သည့် ကာကွယ်ဆေး ၂၇ သန်းခန့်သည်လည်း မတ်လမှစတင်၍ လစဉ်အသုတ်လိုက် ရောက်ရှိရန် စီစဉ်ဆောင်ရွက်ထားကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် အသက် ၁၈ နှစ်နှင့်အထက် အသက်အရွယ်ရှိသော မိဘပြည်သူ ၃၈.၃၅ သန်းခန့်ကို ၂၀၂၁ ခုနှစ်အတွင်း COVID-19 ကာကွယ်ဆေးထိုးနှံပေးရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)