Connect with us

MYANMAR

နယ်စပ်ဂိတ်များမှ ပြန်လည်ဝင်ရောက် လာမည့်သူများ ဧပြီ ၁၅ ရက် နောက်ပိုင်းမှပြန်လည်ဝင်ရောက်ကြရန် ပန်ကြား

ရန်ကုန်မြို့လယ်၌ ပိုးသတ်ဆေး ဖြန်းခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှုအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ မတ် ၃၀ ရက်(ဆင်ဟွာ) 

နယ်စပ်ဂိတ်များမှ ပြန်လည်ဝင်ရောက် လာမည့်သူများအနေဖြင့်  မြန်မာနိုင်ငံအတွင်းသို့   နောက်ထပ် ရက်သတ္တ(၂) ပတ်ခန့် စောင့်ဆိုင်းပြီး ဧပြီ ၁၅ ရက် နောက်ပိုင်းမှသာ ပြန်လည်ဝင်ရောက်ကြရန် ပန်ကြားချက်အား နိုင်ငံခြားရေးဝန်ကြီးဌာနမှ ယနေ့ ထုတ်ပြန်ခဲ့သည်။ 

နိုင်ငံတော်အစိုးရအနေဖြင့် နောက်ထပ်ဝင်ရောက်လာမည့်သူ များအတွက် ထိန်းချုပ်ကန့်သတ်စောင့်ကြည့်မှု (Quarantine) ပြုလုပ်ရန် နေရာထိုင်ခင်းများ ထပ်မံတိုးချဲ့စီစဉ် ဆောင်ရွက်နေဆဲဖြစ်သဖြင့် ထိုကဲ့သို့ ပန်ကြားခြင်း ဖြစ်ကြောင်း ထုတ်ပြန်မှုတွင် ဖော်ပြထားသည်။ 

ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ မတ် ၂၃ ရက်တွင် မြဝတီနယ်စပ်ဂိတ်မှတစ်ဆင့် ဝင်ရောက်ခဲ့သည့် အသက်(၄၄) နှစ်အရွယ် မြန်မာနိုင်ငံသား အမျိုးသား တစ်ဦးသည် မင်္ဂလာဒုံမြို့နယ်သို့ ရောက်ရှိနေထိုင်ခဲ့ပြီး မတ် ၂၉ ရက် ဓါတ်ခွဲနမူနာအဖြေအရ  COVID-19 ရောဂါပိုးရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ရကြောင်း ထုတ်ပြန်မှုတွင် ဖော်ပြထားသည်။ 

အဆိုပါအခြေအနေအရ နယ်စပ်ဂိတ်များမှ အစုလိုက်အပြုံလိုက် ပြန်လည် ဝင်ရောက်လာသူ အချင်းချင်းကြားတွင်လည်းကောင်း၊ ပြည်တွင်းတွင် နေထိုင်သူများထံသို့လည်းကောင်း ရောဂါကူးစက်ပြန့်ပွားပြီး ကပ်ရောဂါကြီး ဖြစ်ပွားရန် အလားအလာ အလွန်များပြားနေကြောင်း ပန်ကြားချက်တွင် ဖော်ပြထားသည်။ 

သို့ဖြစ်၍ နယ်စပ်ဂိတ်များမှ ပြည်တွင်းသို့ ပြန်လည်ဝင်ရောက် လာသူများအားလုံးကို မိမိတို့၏ နေရပ်ဌာနေများသို့ တိုက်ရိုက်ပြန်ခွင့် ပြုတော့မည်မဟုတ်ဘဲ နိုင်ငံတော်အစိုးရမှ စီစဉ်ပေးထားသော သတ်မှတ်နေရာများတွင်သာ ထိန်းချုပ် ကန့်သတ် စောင့်ကြည့်မှု (Quarantine) ပြုလုပ်ခြင်းကို (၁၄) ရက် မဖြစ်မနေ ခံယူကြရ မည်ဖြစ်ကြောင်း ပန်ကြားချက် ထုတ်ပြန်ခဲ့သည်။ (Xinhua)