Connect with us

MYANMAR

COVID-19 ကာကွယ်ရန် အိမ်တွင်နေရသည့်ကာလ အိမ်ခြံဝင်းဥယျာဉ်စိုက်ပျိုးရေးလုပ်ရန် နှိုးဆော်ချက်ထုတ်ပြန် 

အိမ်တွင်စိုက်ပျိုးထားသည့် သီးပင်စားပင်တို့အားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဧပြီ ၁ ရက် (ဆင်ဟွာ) 

COVID-19 ရောဂါကူးစက်မှုကာကွယ်ရန်အတွက် လူများအနေဖြင့် အိမ်၌ နေထိုင်ချိန်အတွင်း ပြုမူဆောင်ရွက်ရန် အိမ်ခြံဝင်းဥယျာဉ်စိုက်ပျိုးရေးနှိုးဆော်ချက် ထုတ်ပြန်ခဲ့ကြောင်း စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် (အဖွဲ့ဝင်) ဦးမျိုးတင့်ထွန်းက ဧပြီ ၁ ရက်တွင် ဆင်ဟွာကိုပြောသည်။

ဦးမျိုးတင့်ထွန်းက “COVID-19 ကာလ မှာ အများစု က Home Stay နေကြတာ များတယ်။ အဲဒီတော့ အိမ်မှာနေရင်း လတ်လတ်ဆတ်ဆတ် အန္တရာယ်ကင်းတဲ့ အစားအစာလေး တွေ ကိုယ်တိုင်စိုက်ပျိုးပြီး အော်ဂဲနစ် အစားအစာလေး တွေကို စားနိုင်အောင် ကျွန်တော်တို့က တွန်းအားပေးတဲ့သဘောပါ။ လက်တွေ့စားသုံးနေတဲ့ ဟင်းသီးဟင်းရွက်တွေ စိုက်ပျိုးအောင် နှိုးဆော်တာဖြစ်တယ်’’ ဟုဆင်ဟွာကိုပြောသည်။

အိမ်တွင်စိုက်ပျိုးထားသည့် သီးပင်စားပင်တို့အားတွေ့ရစဉ် (ဆင်ဟွာ) 

စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် မိမိတို့အိမ်ခြံဝင်းများအတွင်း အာဟာရပြည့်ဝသည့် ခြံထွက်ဟင်းသီးဟင်းရွက်များ ကိုယ်တိုင်စိုက်ပျိုးစားသုံးနိုင်မည့် “အိမ်ခြံဝင်းဥယျာဉ်စိုက်ပျိုးခြင်း (Home Gardening)” စီမံကိန်းကို ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အိမ်တွင်စိုက်ပျိုးထားသည့် သီးပင်စားပင်တို့အားတွေ့ရစဉ် (ဆင်ဟွာ) 

ဦးမျိုးတင့်ထွန်းက “အိမ်မှာ နေတဲ့ အချိန် စိုက်ပျိုးတဲ့အခါ အချိန် ကို အကျိုးရှိရှိ အသုံးချပြီးသားဖြစ်မယ်။ လတ်လတ်ဆတ်ဆတ်လည်းစားရမယ်။ အန္တရာယ်လည်းကင်းမယ်။ လုံခြုံမှုလည်း ရှိမယ်။ အဲဒီ ရည်ရွယ်ချက်နဲ့ လုပ်ဖြစ်တာဖြစ်တယ်။ စိုက်ပျိုးနည်းပညာ ကို သီးနှံတစ်မျိုးချင်းအလိုက် ထုတ်ပြန်သွားဖို့ ရှိပါတယ်’’ ဟု ဆက်လက်ပြောကြားခဲ့သည်။

စိုက်ပျိုးရေးဦးစီးဌာနပိုင်ဥယျာဉ်ခြံများတွင် ဟင်းသီးဟင်းရွက်မျိုးစေ့ အမျိုးပေါင်း (၂၀)ကျော်၊ ကီလို(၃၀၀၀)ခန့် ထုတ်လုပ်ထားရှိပြီးဖြစ်သဖြင့် အိမ်ခြံဝင်းဥယျာဉ် စိုက်ပျိုးရန်အတွက် မျိုးစေ့နှင့် နည်းပညာများလိုအပ်ပါက မိမိတို့နှင့် နီးစပ်ရာ ဌာနပိုင်ဥယျာဉ်ခြံများနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီး ဌာနရုံးများသို့ ဆက်သွယ်စုံစမ်းနိုင်ပါကြောင်း စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန က ကြေညာချက်ထုတ်ပြန်ခဲ့သည်။  (Xinhua)