Connect with us

MYANMAR

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေသူများနှင့် Video Conferences စနစ်ဖြင့် တွေ့ဆုံ၍ အပြန်အလှန်ဆွေးနွေး

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား တွေ့ရစဉ်(ဓာတ်ပုံ - Myanmar State Counsellor Office)

ရန်ကုန် ၊ ဧပြီ ၁ ရက်(ဆင်ဟွာ)

Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ ဧပြီ ၁ ရက်တွင် COVID -19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေသူများနှင့် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် အစည်းအဝေးခန်းမ၌ Video Conferences စနစ်ဖြင့် ချိတ်ဆက်တွေ့ဆုံ၍ လက်တွေ့အခြေအနေများအား အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။

ထိုသို့ ဆွေးနွေးခဲ့ရာတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က နှုတ်ခွန်းဆက် စကား ပြောကြားခဲ့ပြီးနောက် ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ် ဆင်ကူးကြီးကျေးလက် ကျန်းမာရေးဌာန သာယာကုန်း ကျေးလက်ကျန်းမာရေးဌာန(ခွဲ)မှ ဘက်စုံသားဖွား ဆရာမ ဒေါ်နှင်းထက်ထက်နိုင်၊ လှိုင်သာယာမြို့နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာန မြို့နယ်ဆရာဝန် ဒေါက်တာခင်ရူပါစိုး၊ “အောင်” ပရဟိတအဖွဲ့တွင် လူမှုအကျိုးပြုလုပ်ငန်းများကို တက်ကြွစွာဆောင်ရွက်နေသော ဦးအောင်မြတ်သူနှင့် We Love Yangon မှ ဦးဆန်းမောင်မောင် တို့က ၎င်းတို့ဒေသအတွင်း Home Quarantine ပြုလုပ်ထားသူများ၏ အခြေအနေ၊ COVID-19 ထိန်းချုပ်၊ ကာကွယ်ကုသရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေသည့် အခြေအနေများ၊ တွေ့ကြုံရသည့် အခက်အခဲများကို ဆွေးနွေးတင်ပြခဲ့ကြရာ နိုင်ငံတော်အစိုးရမှ ဖြည့်ဆည်းဆောင်ရွက်ပေးမည့် အစီအစဉ်များကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

နိုင်ငံတော်သမ္မတအိမ်တော် အစည်းအဝေးခန်းမ၌ Video Conferences စနစ်ဖြင့် ချိတ်ဆက်ဆွေးနွေးစဉ် (ဓာတ်ပုံ – Myanmar State Counsellor Office) 

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က Quarantine (၁၄) ရက်ကာလကို ကြည်ကြည်ဖြူဖြူ လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း၊ Quarantine (၁၄) ရက်ကာလသည် များစွာကြန့်ကြာသည့်ကာလမဟုတ်ကြောင်း၊ Quarantine (၁၄) ရက်ကာလကို အခက်အခဲဟု ရှုမြင်ပြီး ညွှန်ကြားချက်များကို မလိုက်နာပါက ယခု COVID-19 ကပ်ရောဂါကို မည်သို့မှ ကျော်လွှားနိုင်မည်မဟုတ်ကြောင်း၊ ယခုကဲ့သို့ အချိန်အခါမျိုးတွင် စိတ်ဓာတ်ခိုင်မာရမည် ဖြစ်ကြောင်း၊ ထိန်းမနိုင်သိမ်းမရ အခြေအနေထိ မပြန့်ပွားအောင် ထိန်းချုပ်ထားနိုင်မည်ဆိုလျှင် စိန်ခေါ်မှုကို ကျော်လွှားနိုင်မည် ဖြစ်ကြောင်း၊ အတူတကွ လက်တွဲရင်ဆိုင်ရုန်းကန်ရင်း ညီအစ်ကိုမောင်နှမစိတ်ဓာတ်များ ပိုမို ခိုင်မာလာမည် ဖြစ်ကြောင်း နိဂုံးချုပ်စကားတွင် ထည့်သွင်း ပြောကြားခဲ့သည်။

ထို့အတူ COVID -19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေသူများအနေဖြင့် ပြည်သူလူထုကို သည်းခံပြီး ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များကို ၎င်းတို့ ရှင်းလင်းစွာနားလည်သည်အထိ ထပ်တလဲလဲ ရှင်းပြရမည် ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် အခြားနိုင်ငံများနှင့်နှိုင်းယှဉ်လျှင် လူထုပါဝင်မှု မြင့်မားပါ ကြောင်း၊ တက်နိုင်သမျှ ကူညီကြခြင်းသည် လွန်စွာတန်ဖိုးရှိသည့် အလေ့အထဖြစ်ကြောင်း၊ အားလုံးကို ကျေးဇူးတင်ရှိပါကြောင်း၊ တတ်နိုင်သမျှ လုပ်ဆောင်ပေးကြရန်နှင့် ပြည်သူများ နားလည်အောင် ကြိုးစားပေးကြရန် တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)