Connect with us

MYANMAR

COVID-19 လူနာတစ်ဦး ရောဂါသက်သာကောင်းမွန်ပြီး ပိုးမတွေ့ရှိတော့၍ ဆေးရုံဆင်းခွင့်ပြု 

ရန်ကုန်မြို့၌ ကိုယ်ပူချိန်တိုင်းတာ စစ်ဆေးမှု တစ်ခုအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဧပြီ ၈ ရက်(ဆင်ဟွာ) 

မြန်မာနိုင်ငံ၌ COVID-19 ရောဂါပိုး တွေ့ရှိခဲ့သူများအနက် တစ်ဦးမှာ ရောဂါသက်သာကောင်းမွန်လာပြီး ထပ်မံစစ်ဆေးရာတွင် ရောဂါပိုး မတွေ့ရှိရတော့၍ ဆေးရုံမှ ဆင်းခွင့်ပြုလိုက်သည်ဟု ယနေ့ ဧပြီ ၈ ရက်တွင် ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။ 

COVID-19 ရောဂါပိုး တွေ့ရှိခဲ့သူများအနက် မတ် ၂၇ ရက်တွင် COVID-19 ရောဂါပိုးတွေ့ရှိခဲ့ပြီး နေပြည်တော်ပြည်သူ့ဆေးရုံ ကြီးတွင် တက်ရောက်ကုသမှုခံယူလျက်ရှိသော ဆွစ်ဇာလန်နိုင်ငံသူ၊ အသက် (၅၈) နှစ်အရွယ် အမျိုးသမီး (Case-7) သည် ရောဂါသက်သာကောင်းမွန်လျက်ရှိပြီး ၎င်းထံမှ ဒုတိယအကြိမ် ဓာတ်ခွဲ နမူနာအား ဧပြီ ၄ ရက်တွင် လည်းကောင်း၊ တတိယအကြိမ် ဓာတ်ခွဲနမူနာအား ဧပြီ ၇ ရက်တွင်လည်းကောင်း ရယူ၍ စစ်ဆေးခဲ့ရာ ထပ်မံစစ်ဆေးသည့် နှစ်ကြိမ် စလုံးတွင် COVID-19 ရောဂါပိုး မရှိကြောင်း တွေ့ရှိရသဖြင့် ယနေ့ ညနေပိုင်းတွင် ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီး သတ်မှတ်ထားသည့် နေရာတွင် (၁၄) ရက် စောင့်ကြပ်ကြည့်ရှုရန် စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။ 

ထို့အတူ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ ၁၉ ဦးတို့၏ ကျန်းမာရေးအခြေအနေမှာ တည်ငြိမ် လျက်ရှိကြောင်း ဝန်ကြီးဌာနမှ ထည့်သွင်း ထုတ်ပြန်ခဲ့သည်။ 

မတ် ၂၃ ရက်မှ ဧပြီ ၇ရက်အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ ၂၂ ဦးရှိခဲ့ပြီး ၎င်းတို့အနက် သုံးဦးမှာ သေဆုံးသွားခဲ့ကြောင်း သိရသည်။ (Xinhua)