Connect with us

MYANMAR

မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၂၇)ဦးထိရှိလာ

ရန်ကုန်မြို့တွင် နှာခေါင်းစည်းတပ်ဆင် သွားလာနေသူတစ်ဦးအားတွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန်၊ဧပြီ ၁၀ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ ယနေ့ (ဧပြီ ၁၀ ရက်) မနက် ၃နာရီ သတင်းထုတ်ပြန်ချက်အရ ၄ဦး ထပ်မံတိုးလာပြီး စုစုပေါင်း (၂၇)ဦးထိရှိလာကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

ဓာတ်ခွဲအတည်ပြုလူနာ (Case-024) သည် ရန်ကုန်တိုင်း‌ဒေသကြီး၊ မရမ်းကုန်းမြို့နယ်တွင် နေထိုင်သော အသက် (၃၂)နှစ်အရွယ် အမျိုးသား (၁)ဦးဖြစ်ပြီး ၎င်းသည် စင်္ကာပူနိုင်ငံတွင် သွား‌ရောက်အလုပ်လုပ်ကိုင်နေသူ ဖြစ်ကြောင်း၊ မတ် ၁၉ ရက်၌ စင်္ကာပူနိုင်ငံမှ မြန်မာ နိုင်ငံသို့ ပြန်လည်ရောက်ရှိလာခဲပြီး ဧပြီ ၁က်နေ့မှစ၍ ဖျားခြင်း၊ မောပန်းခြင်း၊ ခံစားခဲ့ရကာဧပြီ ၆ရက်နေ့တွင် လည်ချောင်းနာခြင်းနှင့် ချောင်းဆိုးခြင်းများ ဆက်လက်ဖြစ်ပွားခဲ့သဖြင့်  ဧပြီ ၈ရက်နေ့၊ နေ့လယ်ပိုင်းတွင် မရမ်းကုန်းမြို့နယ်၊ ဒေသန္တရကျန်းမာရေးဌာနသို့ သွားရောက်ပြသခဲ့ပြီး ထိုမှတစ်ဆင့်  မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီးသို့ ညွှန်းပို့၍ စောင့်ကြည့် လူနာအဖြစ်သတ်မှတ်ကာ သီးခြားထားရှိကုသမှု‌ ဆောင်ရွက်ခဲ့ပြီး လူနာထံမှ ဓာတ်ခွဲနမူနာရယူ၍ ပေးပို့စစ်ဆေးခဲ့ခြင်းကြောင်း သိရသည်။

ဓာတ်ခွဲအတည်ပြုလူနာ (Case-025) သည် ရန်ကုန်တိုင်း‌ဒေသကြီး၊ ဗဟန်းမြို့နယ်တွင် နေထိုင်သော အသက် (၅၅)နှစ်အရွယ် အမျိုးသား (၁)ဦးဖြစ်ပြီး ၎င်းမှာ ပြည်ပနိုင်ငံများသို့ လွန်ခဲ့သော (၁၄)ရက်အတွင်း ခရီးသွားရာဇဝင် မရှိသော်လည်း ဖျားခြင်း၊ ချောင်းဆိုးခြင်း ခံစားခဲ့ရသဖြင့် ဧပြီ ၉)ရက်နေ့တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ သွားရောက် ပြသခဲ့ရာ စောင့်ကြည့်လူနာအဖြစ်သတ်မှတ်၍  သီးခြားထားရှိပြီး ကုသမှု‌ပေးခဲ့ကာ လူနာထံမှ ဓာတ်ခွဲနမူနာရယူ၍ ပေးပို့စစ်ဆေးခဲကြောင်း၊ အဆိုပါလူနာတွင် သွေးတိုးရောဂါနှင့် ဆီးချိုရောဂါအခံရှိကြောင်း သိရှိရသည်။

အလားတူ ဓာတ်ခွဲအတည်ပြုလူနာ (Case-026) သည် ရန်ကုန်တိုင်း‌ဒေသကြီး၊ လှိုင်သာယာမြို့နယ်တွင် နေထိုင်သော အသက် (၅၆)နှစ်အရွယ် အမျိုးသမီး (၁)ဦးဖြစ်ပြီး ပြည်ပနိုင်ငံများသို့ လွန်ခဲ့သော (၁၄)ရက်အတွင်း ခရီးသွားရာဇဝင် မရှိသော်လည်းဧပြီ ၁ရက်နေ့မှစ၍ ဖျားခြင်း၊ ချောင်းဆိုးခြင်းနှင့် လည်ချောင်းနာခြင်း ရောဂါလက္ခဏာများ ခံစားခဲ့ရသဖြင့်ဧပြီ ၈)ရက်နေ့တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်ပြသခဲ့ရာ စောင့်ကြည့်လူနာအဖြစ် သတ်မှတ်၍  သီးခြား ထားရှိပြီး ကုသမှု‌ပေးခဲ့ပြီး ဓာတ်ခွဲနမူနာရယူ၍ ပေးပို့စစ်ဆေးခဲ့ကြောင်း အဆိုပါလူနာတွင် သွေးတိုးရောဂါနှင့် ဆီးချိုရောဂါအခံရှိကြောင်းသိရသည်။

ဓာတ်ခွဲအတည်ပြုလူနာ (Case-027) သည် မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင်  နေထိုင်သော အသက် (၂၄)နှစ်အရွယ် အမျိုးသမီး (၁)ဦးဖြစ်ပြီး ထိုင်းနိုင်ငံတွင် အလုပ်အကိုင် ရှာဖွေရန် တစ်လခန့် သွားရောက်နေထိုင်ခဲ့စဉ် ဗိုက်အောင့်ဝေဒနာခံစားခဲ့ရသဖြင့် ထိုင်းနိုင်ငံ၌ (၁) လခန့်ကြာ ဆေးရုံတက်ရောက်ကုသခဲ့ကြောင်း၊   မြဝတီမြို့မှတစ်ဆင့်  ၎င်းနေထိုင်ရာ ကျိုက်မရောမြို့နယ်ရှိ ကျေးရွာသို့ပြန်လည်ရောက်ရှိခဲ့ကာ နေအိမ်တွင် အသွားအလာ ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုမှုခံနေရာမှ  မတ် ၂၉)ရက်နေ့တွင် သတ်မှတ်နေရာသို့ ပို့ဆောင်၍ အသွားအလာကန့်သတ်ခြင်း/ တားမြစ်ခြင်း (Facility Quarantine) အဖြစ် ပြောင်းလဲ ဆောင်ရွက်ခဲ့ကြောင်း   ထိုသို့ဆောင်ရွက်ထားရှိစဉ် ဗိုက်အောင့်ဝေဒနာ ထပ်မံခံစားခဲ့ရသဖြင့်  ပြည်သူ့ဆေးရုံ၊ ကျိုက်မရောမြို့သို့ ပို့ဆောင်ကာ  အသွားအလာကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုကုသမှု (Hospital Quarantine) ဆောင်ရွက်ခဲ့ပြီး (၈-၄-၂၀၂၀) ရက်နေ့တွင် အဆိုပါ လူနာထံမှ ဓာတ်ခွဲနမူနာရယူ၍ ပေးပို့စစ်ဆေးခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ ဓာတ်ခွဲအတည်ပြုလူနာများနှင့် ထိတွေ့ခဲ့သူများအားလုံးကို စုံစမ်းဖော်ထုတ်၍ အသွားအလာကန့်သတ်ကာ စောင့်ကြပ်ကြည့်ရှုမှုများလုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

ယခုအခါ (၂၃-၃-၂၀၂၀)ရက်နေ့မှ (၁၀-၄-၂၀၂၀)ရက်နေ့၊ နံနက် (၃:၀၀)နာရီအချိန်အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၂၇)ဦး တွေ့ရှိခဲ့ပြီး ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်ရှိ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာများမှာ ချင်းပြည်နယ်၊ တီးတိန် ပြည်သူ့ ဆေးရုံတွင် (၂)ဦး၊ ရန်ကုန်မြို့၊ ဝေဘာဂီအထူးကုဆေးရုံကြီးတွင် လူနာ (၁၅)ဦး၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးပြည်သူ့ဆေးရုံကြီးတွင် (၁)ဦး၊  မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီးတွင် (၁)ဦး၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် (၂)ဦးနှင့် ပြည်သူ့ဆေးရုံ၊ ကျိုက်မရောမြို့တွင် (၁)ဦး၊ စုစုပေါင်း (၂၂)ဦးတို့ ဖြစ်ပြီး မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီးမှ လူနာ (၁) ဦးနှင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး လူနာ (၂)ဦးတို့အား ဝေဘာဂီအထူးကုဆေးရုံကြီးသို့ လွှဲပြောင်းကုသမှုပေးရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။(Xinhua)