Connect with us

MYANMAR

COVID-19 နှင့်ပတ်သက်၍ သိရှိလိုသည်များကို အခမဲ့မေးမြန်းနိုင်သော National Call Center ဖွင့်လှစ်

ရန်ကုန်မြို့တွင် နှာခေါင်းစည်း တပ်ဆင်သွားလာသူ တစ်ဦးအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဧပြီ ၉ ရက်(ဆင်ဟွာ) 

COVID-19 နှင့် ပတ်သက်၍ သိရှိလိုသည်များကို အခမဲ့မေးမြန်းနိုင်သော National Call Center ကို 2019 နံပါတ်ဖြင့် ဧပြီ ၈ ရက်မှ စတင်ဖွင့်လှစ်လိုက်ပြီ ဖြစ်ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနမှ ယနေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

အဆိုပါ National Call Center ကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဆေးသုတေသနဦးစီးဌာန၊ ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန၊ Blue Ocean Investment Limited နှင့် မိုဘိုင်း အော်ပရေတာများ (MPT, Telenor, Ooredoo, Mytel) ပူးပေါင်း၍ ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပြီး လက်ရှိ ကမ္ဘာတစ်ဝှမ်းတွင် ဖြစ်ပွားလျှက် ရှိနေပြီး မြန်မာနိုင်ငံတွင်လည်း ဖြစ်ပွားမှုရှိနေသော ကမ္ဘာ့ကပ်ရောဂါ COVID-19 ဖြစ်ပွားမှု၊ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း၊ ကာကွယ်ထိန်းချုပ်ခြင်း၊ ရောဂါကာကွယ်ရန် ကျန်းမာရေးအသိပညာပေးနှိုးဆော်ခြင်း၊ လူနာများ ရှာဖွေကုသခြင်းစသည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ သတင်းအချက်အလက်များကို ပြည်သူလူထုမှ သိရှိလိုသည်များကို ဆက်သွယ် မေးမြန်းနိုင်စေရေးအတွက် အဓိကရည်ရွယ် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

COVID-19 နှင့်ပတ်သက်ပြီးဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးလိုပါက လိုင်းခွဲ နံပါတ်- ၀ သို့ မေးမြန်းနိုင်မည် ဖြစ်ပြီး မေးမြန်းသူများပြားသည့်အတွက် တစ်ဦးလျှင် အချိန် (၆) မိနစ်ခန့် မေးမြန်းနိုင်မည်ဖြစ်ကြောင်း ၊ 

“2019” သို့ခေါ်ဆိုပြီး လိုင်းခွဲနံပါတ်-၁ တွင် ရောဂါလက္ခဏာများအကြောင်း၊ လိုင်းခွဲနံပါတ်-၂ တွင် ကူးစက်နိုင်သောနည်းလမ်းများအကြောင်း၊ လိုင်းခွဲနံပါတ်- ၃ တွင် ကာကွယ်နိုင်သော နည်းလမ်းများအကြောင်း၊ လိုင်းခွဲနံပါတ်- ၄ တွင် အသွားအလာကန့်သတ်ခြင်း အကြောင်း၊ လိုင်းခွဲနံပါတ်- ၅ တွင် နောက်ဆုံးရ COVID-19 ပိုးတွေ့လူနာ အရေအတွက် အကြောင်းတို့အား လိုင်းခွဲနံပါတ် (၅) ခုဖြင့် အလိုအလျောက်စနစ်ဖြင့်ဖြေကြားပေးနေကြောင်း သိရသည်။

COVID-19 Call Center ကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ညွှန်ကြားချက် ဖြင့်၊ ဆေးသုတေသနဦးစီးဌာန (ရန်ကုန်) ဦးစီးဆောင်ရွက်ပြီး ဆေးသုတေသနဦးစီးဌာနမှ ဆန္ဒအလျှောက်တာဝန်ယူဆောင်ရွက်သူများနှင့် မြန်မာနိုင်ငံဆရာဝန်အသင်း (MMA)မှ စေတနာ့ဝန်ထမ်းဆရာဝန်များဖြင့် ဧပြီလ (၈) ရက်နေ့မှ စတင်ကာ နေ့စဉ် နံနက် (၈) နာရီမှ ည (၈)နာရီအထိ ဖြေကြားပေးလျက်ရှိကြောင်း ၊ Call Center သည်ပြည်သူလူထုမှ မေးမြန်းမှုများပြားသည်ဖြစ်သည့်အတွက် ပြည်သူလူထု အမေးများနိုင်ပြီးမဖြစ်မနေသိရှိထားရမည့် COVID-19 နှင့်သက်ဆိုင်သော ကျန်းမာရေး အသိပညာပေး သတင်းအချက်အလက်များအား စက်မှအလို အလျောက်ဖြေကြားပေးမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)