Connect with us

MYANMAR

COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၁၁ ဦး ထပ်တိုး ၊ စုစုပေါင်း လူနာ အရေအတွက် ၇၄ ဦးထိ ရှိလာ

ရန်ကုန် ၊ ဧပြီ ၁၅ ရက်(ဆင်ဟွာ) 

မြန်မာနိုင်ငံ၌ COVID-19 ရောဂါပိုး ဓာတ်ခွဲစစ်ဆေးမှုများအရ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၁၁ ဦးထံတွင် ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ရကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနမှ ယနေ့ ဧပြီ ၁၅ ရက် နံနက် ၁၀ နာရီခွဲအချိန်တွင် ထပ်မံ ထုတ်ပြန်ခဲ့ပြီးနောက် COVID-19 ရောဂါပိုး တွေ့ရှိကြောင်း စတင် ကြေညာခဲ့သည့် မတ် ၂၃ ရက်မှ ယခုထိ စုစုပေါင်း လူနာအရေအတွက် ၇၄ ဦးထိ ရှိလာခဲ့ကြောင်း သိရသည်။ 

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)သည် ဧပြီ ၁၄ ရက်တွင် တိုင်းဒေသကြီး/ပြည်နယ်အသီးသီးမှ ပေးပို့လာသော စောင့်ကြည့်လူနာ (၁၁၂) ဦးနှင့် အသွား အလာကန့်သတ်ခြင်း/ တားမြစ်ခြင်း ဆောင်ရွက်ထားရှိသူ (၂၈၁) ဦးတို့၏ ဓာတ်ခွဲနမူနာများ စုစုပေါင်း (၃၉၃)ခုအား စစ်ဆေးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၁၂) ဦးတို့၏ ဓာတ်ခွဲနမူနာ များတွင် COVID-19 ရောဂါပိုးတွေ့ရှိရကြောင်း ၊ ဓာတ်ခွဲအတည်ပြုလူနာ (Case-063)၏ သတင်းကို ဧပြီ ၁၄ ရက် ၊ ည ၈ နာရီတွင် ထုတ်ပြန်ခဲ့ပြီး ယခုအခါတွင် COVID-19 ရောဂါပိုး တွေ့ရှိခဲ့သူ ၁၁ ဦး၏ စာရင်းကို ထပ်မံ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ 

အဆိုပါ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၁၂ ဦးတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဖြတ်မြို့မှ အသက် ၂၃ နှစ် အရွယ် အမျိုးသား တစ်ဦး ၊ စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့မှ အသက် ၆၃ နှစ်အရွယ် အမျိုးသမီးကြီး တစ်ဦး နှင့် ကျန်ရှိသော လူနာ ၁၀ ဦးမှာ ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ ၊ ပန်းပဲတန်း ၊ မရမ်းကုန်း ၊ ဗဟန်း ၊ အင်းစိန် မြို့နယ်တို့မှ ဖြစ်ကြပြီး ယခု ထပ်မံ စစ်ဆေးတွေ့ရှိခဲ့သည့် လူနာအားလုံးမှာ COVID-19 ရောဂါ အတည်ပြုလူနာများ နှင့် ထိတွေ့မှု ရှိခဲ့ကြောင်း သိရသည်။ 

အဆိုပါ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၁၂ ဦး၏ ကျန်းမာရေးအခြေ အနေမှာ တည်ငြိမ်ကောင်းမွန်လျက်ရှိပြီး ၎င်းတို့အား သက်ဆိုင်ရာဆေးရုံများသို့ ပို့ဆောင်၍ လိုအပ်သလို ကုသမှုပေးရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည်။ (Xinhua)