Connect with us

MYANMAR

COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၃ ဦး ထပ်တိုး ၊ လူနာ အရေအတွက် ၈၈ ဦးရှိလာ

ရန်ကုန်မြို့တွင် နှာခေါင်းစည်း တပ်ဆင်သွားလာသူ တစ်ဦးအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန်၊ ဧပြီ ၁၇ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၌ COVID-19 ရောဂါပိုး ဓာတ်ခွဲစစ်ဆေးမှုများအား ယနေ့ ဧပြီ ၁၇ ရက် ည ၈နာရီ သတင်းထုတ်ပြန်ချက်အရ ဓာတ်ခွဲအတည်ပြုလူနာသစ် ၃ ဦးထံတွင် ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ပြီး စုစုပေါင်း  လူနာ အရေအတွက် ၈၈ ဦးရှိလာကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) ၏ ဧပြီ ၁၇ ရက်နေ့တွင် ပထမအသုတ် စစ်ဆေးခဲ့သော ဓာတ်ခွဲနမူနာ (၉၃) ခုအနက် အင်းစိန် အထွေထွေရောဂါကုဆေးရုံကြီးမှ စောင့်ကြည့်လူနာ (၁)ဦး၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ စောင့်ကြည့်လူနာ (၁)ဦးနှင့် ကလေးမြို့တွင် အသွားအလာကန့်သတ်ထားသူ (၁)ဦး၊ စုစု‌ပေါင်း (၃)ဦးတွင် COVID-19 ရောဂါပိုးတွေ့ရှိခဲ့ရပြီး ကျန်လူနာ (၉၀)ဦးတွင် COVID -19 ရောဂါပိုး မတွေ့ရှိခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် မတ် ၂၄ ရက်နေ့၌ COVID-19 ရောဂါရှိကြောင်းဓာတ်ခွဲစစ်ဆေး တွေ့ရှိခဲ့ပြီး ဝေဘာဂီအထူးကုဆေးရုံကြီး တွင် ဆေးကုသမှုခံယူလျက်ရှိသော လူနာ (Case-003) သည်ရောဂါသက်သာကောင်းမွန်လျက်ရှိပြီး ၎င်းထံမှ ဒုတိယ အကြိမ်ဓာတ်ခွဲနမူနာအားဧပြီ ၆  ရက်တွင်လည်းကောင်း၊ တတိယအကြိမ် ဓာတ်ခွဲ နမူနာအား ဧပြီ ၉ ရက်နေ့တွင်လည်းကောင်း ရယူ၍ ထပ်မံစစ်ဆေးခဲ့ရာ (၂)ကြိမ်လုံးတွင် COVID -19 ရောဂါပိုး မ‌တွေ့ရှိတော့ကြောင်း သိရသည်။

အလားတူ မတ် ၂၉  ရက်နေ့တွင် COVID-19 ရောဂါရှိကြောင်း ဓာတ်ခွဲစစ်ဆေးတွေ့ရှိခဲ့ပြီး ဝေဘာဂီအထူးကုဆေးရုံကြီး တွင် ဆေးကုသမှုခံယူလျက်ရှိသော (Case-009) သည်ရောဂါသက်သာကောင်းမွန်လျက်ရှိပြီး ၎င်းထံမှ ဒုတိယ အကြိမ်ဓာတ်ခွဲနမူနာအား ဧပြီ ၉ ရက်နေ့တွင်လည်းကောင်း၊ တတိယအကြိမ် ဓာတ်ခွဲနမူနာအား ဧပြီ ၁၂ ရက်နေ့တွင်လည်းကောင်းရယူ၍ ထပ်မံစစ်ဆေးခဲ့ရာ (၂)ကြိမ်လုံးတွင် COVID-19 ရောဂါပိုး မတွေ့ရှိတော့ကြောင်း၊ ထို့ပြင် မတ်၃၀ ရက်နေ့တွင် COVID-19 ရောဂါရှိကြောင်း ဓာတ်ခွဲစစ်ဆေးတွေ့ရှိခဲ့ပြီး ဝေဘာဂီအထူးကုဆေးရုံကြီးတွင် ဆေးကုသမှုခံယူလျက်ရှိသော လူနာ (Case-012) သည်ရောဂါသက်သာကောင်းမွန်လျက်ရှိပြီး ၎င်းထံမှ ဒုတိယ အကြိမ်ဓာတ်ခွဲနမူနာအား ဧပြီ ၉ ရက်နေ့တွင်လည်းကောင်း၊ တတိယအကြိမ် ဓာတ်ခွဲနမူနာအား ဧပြီ ၁၆ရက်နေ့တွင်လည်းကောင်း ရယူ၍ ထပ်မံစစ်ဆေးခဲ့ရာ (၂)ကြိမ်လုံးတွင် COVID -19 ရောဂါပိုး မ‌တွေ့ရှိတော့ကြောင်း သိရသည်။

ဧပြီ ၁၇  ရက်နေ့၊ နံနက်ပိုင်းအထိ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သည်  စောင့်ကြည့်လူနာနှင့် အသွားအလာကန့်သတ်ထားသူ စုစုပေါင်း (၃,၅၀၅) ဦး၏ ဓာတ်ခွဲ နမူနာများကို စစ်ဆေးခဲ့ရာ (၈၅) ဦးတွင် COVID-19 ရောဂါ ကူးစက်ခံရကြောင်း အတည်ပြုနိုင်ခဲ့ပြီး (၃,၄၂၀) ဦးတွင် ရောဂါပိုးမရှိကြောင်း တွေ့ရှိခဲ့ကာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၇၉)ဦးအား သက်ဆိုင်ရာ ဆေးရုံများတွင် လိုအပ်သလို ကုသမှုပေးလျက်ရှိရာ ၎င်းတို့၏ ကျန်းမာရေးအခြေအနေသည် တည်ငြိမ် ကောင်းမွန်လျက်ရှိကြောင်း သိရသည်။  (Xinhua)