Connect with us

MYANMAR

COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ ၉၄ ဦးထိ ရှိလာပြီး တစ်ဦး ထပ်မံသေဆုံး 

ရန်ကုန်မြို့၌ နှာခေါင်းစည်း တပ်ဆင်၍ ဈေးရောင်းနေသူ တစ်ဦးအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဧပြီ ၁၈ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံ၌ COVID-19 ရောဂါပိုး ဓာတ်ခွဲစစ်ဆေးမှုများအရ ဓာတ်ခွဲအတည်ပြုလူနာ ၉၄ ဦးထိ ရှိလာခဲ့ပြီး ၎င်းတို့အနက် ဧပြီ ၁၇ ရက်တွင်  ဓာတ်ခွဲအတည်ပြုခဲ့သည့် အသက် ၇၈ နှစ်အရွယ် အမျိုးသား တစ်ဦးသည် ယနေ့ ဧပြီ ၁၈ ရက် နံနက်အစောပိုင်းတွင် သေဆုံးသွားခဲ့ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနမှ ဧပြီ ၁၈ ရက် နံနက် ၈ နာရီ အချိန် ထုတ်ပြန်မှု အရ သိရသည်။ 

အဆိုပါ သေဆုံးသွားခဲ့သည့် လူနာသည် အင်းစိန်ပြည်သူ့ဆေးရုံကြီးမှ ဓာတ်ခွဲ အတည်ပြုလူနာ အသက် ၇၈ နှစ် အရွယ် အမျိုးသားတစ်ဦး ဖြစ်ပြီး ဆီးချိုရောဂါနှင့်သွေးတိုးရောဂါအခံရှိသူ ဖြစ်ကာ ဧပြီ ၁၃ ရက်တွင် လက္ခဏာများခံစားခဲ့ရသဖြင့် ဧပြီ ၁၅ ရက်တွင် အင်းစိန်ပြည်သူ့ ဆေးရုံကြီး၌ စောင့်ကြည့်လူနာအဖြစ်ကုသမှုခံယူခဲ့ကြောင်း ၊ ၄င်းအား COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုပြီးချိန်တွင် ဧပြီ ၁၇ ရက်တွင် ဝေဘာဂီအထူးကုဆေးရုံကြီးသို့လွှဲပြောင်း၍ အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှုပေးခဲ့ရာ ယနေ့ ဧပြီ ၁၈ ရက် နံနက် ၂ နာရီ ၅၅ မိနစ် အချိန်တွင် သေဆုံးခဲ့ကြောင်း ၊ သေဆုံးရသည့်အကြောင်းရင်းမှာ ပြင်းထန်အဆုတ်ရောင်ရောဂါ ကြောင့် ရုတ်တရက် အသက်ရှူလမ်းကြောင်းပျက်စီးခြင်းနှင့် သွေးတိုးရောဂါအခံနှင့် အမျိုးအစား(၂) ဆီးချိုရောဂါတို့ကြောင့်ဖြစ်ကြောင်းသိရသည်။

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)သည် ဧပြီ ၁၇ ရက်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ပေးပို့လာသော COVID-19 ရောဂါစောင့်ကြည့်လူနာ နှင့် အသွား အလာကန့်သတ်ခြင်း/ တားမြစ်ခြင်း ဆောင်ရွက်ထားရှိသူ စုစုပေါင်း ၃၇၈ ဦး၏ ဓာတ်ခွဲ နမူနာများအား စစ်ဆေးခဲ့ရာ ပထမအသုတ်စစ်ဆေးခဲ့သော ၉၃ ဦးအနက် ၃ ဦး၏ ဓာတ်ခွဲနမူနာများတွင် COVID-19 ရောဂါပိုးတွေ့ရှိခဲ့ရပြီး ကျန်ရှိသည့် ၂၈၅ ဦး၏ ဓာတ်ခွဲနမူနာများအနက် ၆ ဦးတွင် COVID-19 ရောဂါပိုးတွေ့ရှိခဲ့ရကြောင်း သိရသည်။ 

ယခုအခါတွင် မြန်မာနိုင်ငံ၌ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ ၉၄ ဦး တွေ့ရှိခဲ့ပြီး ၎င်းတို့အနက် ၅ ဦးမှာ သေဆုံးသွားခဲ့ပြီ ဖြစ်ကြောင်း သိရသည်။ 

ထို့ပြင် လက်ရှိအချိန်တွင်ဝေဘာဂီအထူးကုဆေးရုံကြီးတွင်ကုသမှုပေးနေသည့် လူနာ (၃)ဦးအား အထူးကြပ်မတ် ကုသ ဆောင်တွင် ကုသမှုများပေးလျက်ရှိကြောင်းလည်း သိရှိရပါသည်။ (Xinhua)