Connect with us

MYANMAR

ပါးစပ်နှင့်နှာခေါင်းစည်း (Mask) မဖြစ်မနေတပ်ဆင်ရေး စီမံချက်ကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင် သွားမည်ဖြစ်ကြောင်းထုတ်ပြန်

နှာခေါင်းစည်းနှင့် သွားလာနေကြသူများအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ နိုဝင်ဘာ ၁၄ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

ပါးစပ်နှင့် နှာခေါင်းစည်းကို နေ့စဉ်ဘဝတွင် ပုံမှန်တပ်ဆင်ကြမှသာလျှင် ရောဂါကူးစက် ပြန့်ပွားမှုကို ဆက်လက် ကာကွယ်ထိန်းချုပ်နိုင်မည်ဖြစ်သဖြင့် လူအများစုဝေးနေထိုင် ပြောဆိုလုပ်ကိုင်ရာနေရာတိုင်းတွင် ပါးစပ်နှင့်နှာခေါင်းစည်း (Mask) မဖြစ်မနေတပ်ဆင်ရေး စီမံချက်ကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင် သွားမည် ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန မှ နိုဝင်ဘာ ၁၄ ရက်တွင်ထုတ်ပြန်ခဲ့သည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် ပါးစပ်နှင့် နှာခေါင်းစည်း (Mask) များနှင့် မျက်နှာအကာ (Face Shield) များကို ထောက်ပံ့ပေးဝေနိုင်ရန် စီစဉ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ပါးစပ်နှင့် နှာခေါင်းစည်း (Mask) မဖြစ်မနေတပ်ဆင်ရေး စီမံချက်တွင် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များက ဦးဆောင်ကာ ပြည်သူများ၊ စေတနာရှင်များ၊ လူမှုရေးအဖွဲ့အစည်းများနှင့် ဌာနဆိုင်ရာများအနေဖြင့် တတ်နိုင်သမျှ ဝိုင်းဝန်း ကူညီပံ့ပိုးပေးကြရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တိုက်တွန်းနှိုးဆော်ထားသည်။

မြောက်ဒဂုံမြို့နယ်ရှိ ဂျီပီဆရာဝန်တစ်ဦးဖြစ်သူဒေါက်တာမြတ်လင်းက “အခုလိုနှာခေါင်းစည်းတပ်ဆင်ရေးစီမံ ချက်ကို လုပ်တာကြိုဆိုတယ်။ လုပ်သင့်တာကြာပါပြီ။ ပြည်သူတွေ ပူးပေါင်းပါဝင်စေချင်ပါတယ်။ ကျွန်တော်တို့ COVID ကင်းစင်တဲ့မြို့တော်ကြီးဖြစ်ဖို့ဆိုရင် ပြည်သူအားလုံးက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေကို တိတိကျကျလိုက်နာဖို့လိုအပ်ပါတယ်။ အခုအပြင်တွေပြန်ထွက်နေကြတာတွေ တွေ့ရတယ်။ လုံးဝပေ့ါဆလို့မဖြစ်ပါဘူး။အဲဒါကြောင့် အထူးဂရုပြုကြဖို့ပြောချင်ပါတယ်’’ ဟုဆင်ဟွာသို့ နိုဝင်ဘာ ၁၄ ရက်တွင် ပြောသည်။

COVID-19 ရောဂါသည် အသက်ရှူလမ်းကြောင်းမှတစ်ဆင့် ကူးစက်သောရောဂါဖြစ်သည့်အပြင် မည်သူ့ထံတွင် ရောဂါရှိသည်ကို အလွယ်တကူမသိရှိနိုင်သောကြောင့် မိမိကိုယ်တိုင်နှင့် အခြားသူများ ရောဂါမကူးစက်ရေးအတွက် နေအိမ်မှအပြင်သို့ထွက်တိုင်း ပါးစပ်နှင့် နှာခေါင်းစည်း (Mask) ကို မပျက်မကွက် စနစ်တကျတပ်ဆင်ကြရန် အထူးအရေးကြီးကြောင်း၊ လူအများအပြားနှင့် နီးကပ်စွာပြောဆိုလုပ်ကိုင်ကြရသူများအနေဖြင့် ပါးစပ်နှင့် နှာခေါင်းစည်း (Mask) နှင့်အတူ မျက်နှာအကာ (Face Shield) ကို တွဲဖက်တပ်ဆင်အသုံးပြုပါက ရောဂါကူးစက်မှုကို ပိုမို ကာကွယ်နိုင်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

ယနေ့ နိုဝင်ဘာ ၁၄ ရက်၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ COVID-19 အတည်ပြုလူနာသစ် (၁,၂၇၇) ဦးအား တွေ့ရှိခဲ့ပြီးနောက် မြန်မာနိုင်ငံတွင် အတည်ပြုလူနာစုစုပေါင်း(၆၈,၀၁၁) ဦးရှိလာပြီဖြစ်ကြောင်း၊ ယနေ့တွင် (၁၈)ဦးထပ်မံသေဆုံးခဲ့သဖြင့် လက်ရှိအချိန်အထိ သေဆုံးသူ စုစုပေါင်း (၁,၅၅၂) ဦးရှိပြီဖြစ်ကြောင်း သိရသည်။

ယနေ့သေဆုံးသူ(၁၈)ဦးအနက် ရောဂါအခံရှိသူ (၁၅)ဦးပါဝင်ကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ်များရှိ ဆေးရုံများနှင့် ရန်ကုန်မြို့ရှိ COVID-19 ရောဂါကုသရေးဌာနများမှ ဆေးရုံဆင်းခွင့်ရရှိသူစုစုပေါင်း (၁,၀၂၆) ဦးတွင် ပြည်သူ့ဆေးရုံများမှ (၂၀၆)ဦးနှင့် COVID-19ရောဂါ ကုသရေးဌာနများ(ရန်ကုန်မြို့) မှ (၈၂၀)ဦး ပါဝင်ကြောင်း သိရသည်။

ပြည်နယ်နှင့်တိုင်းဒေသကြီးအလိုက်ယမန်နေ့ကပိုးတွေ့ရှိသူ(၁,၁၃၆)ဦးရှိခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးမှ (၇၅၂) ဦးဖြင့် အများဆုံးတွေ့ရှိခဲ့ကာ၊မန္တလေးတိုင်းဒေသကြီးမှ(၁၁၂)ဦး၊ ဧရာဝတီတိုင်းဒေသကြီးမှ (၁၀၅)ဦး၊ ပဲခူးတိုင်းဒေသကြီးမှ(၆၅)ဦး၊ရခိုင်ပြည်နယ်မှ (၃၄)ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးမှ (၁၇)ဦး၊ မွန်ပြည်နယ်မှ (၁၂)ဦး၊ မကွေးတိုင်းဒေသကြီးမှ (၁၁)ဦး၊ တနင်္သာရီတိုင်းဒေသကြီးမှ (၁၀)ဦး၊ နေပြည်တော်မှ (၇)ဦး၊ ကရင်ပြည်နယ်မှ (၅)ဦး၊ရှမ်းပြည်နယ်မှ (၄)ဦး နှင့် ချင်းပြည်နယ်မှ (၂) ဦး တွေ့ရှိခဲ့ကြောင်းသိရသည်။
နိုဝင်ဘာ ၁၃ ရက်တွင် ထုတ်ပြန်ခဲ့သောဓာတ်ခွဲအတည်ပြုလူနာ (၁,၁၃၆)ဦးတွင် အနံ့မရရှိသူ (၂၃၃)ဦးပါရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.