Connect with us

MYANMAR

တရုတ်နိုင်ငံယူနန်ပြည်နယ် မှ မြန်မာနိုင်ငံမန္တလေးတိုင်းဒေသကြီးသို့ COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးပစ္စည်းများလှူဒါန်းပေးအပ်

ရန်ကုန် ၊ နိုဝင်ဘာ ၁၄ ရက် (ဆင်ဟွာ) ရေးသားသူ/စိုးမိုး

တရုတ်နိုင်ငံယူနန်ပြည်နယ် မှ မြန်မာနိုင်ငံမန္တလေးတိုင်းဒေသကြီးသို့ COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးပစ္စည်းများလှူဒါန်းလွှဲပြောင်းပေးအပ်ပွဲအခမ်းအနား ကို နိုဝင်ဘာ ၁၄ ရက်တွင် မန္တလေးမြို့ရှိ PULLMAN ဟိုတယ်တွင်ကျင်းပပြုလုပ်ခဲ့ပြီး အခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံကောင်စစ်ဝန်ချုပ် ချန်းချန်၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် ၊ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ဦး ၊ မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဦးစိုးသိန်း ၊ မန္တလေးမြို့တော်ဝန် ဦးရဲလွင် သက်ဆိုင်ရာ မန္တလေးတိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များ နှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ကောင်စစ်ဝန်ချုပ် ချန်းချန် က ယူနန်ပြည်နယ်အစိုးရ ကိုယ်စား မန္တလေးတိုင်းဒေသကြီး အစိုးရထံသို့ တန်ဖိုးအားဖြင့် ယွမ်ငွေ ၄ သန်းတန်ဖိုးရှိ အသက်ရှူစက် ၊ ကာကွယ်ရေးဝတ်စုံ ၊ ဆေးဘက်ဆိုင်ရာသုံးနှာခေါင်းစည်း စသည့် ကပ်ရောဂါ ကာကွယ်ရေးပစ္စည်းများကို လွှဲပြောင်းပေးအပ်ခဲ့ပြီး မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် က လှူဒါန်းပေးအပ်သည့် ကာကွယ်ထိန်းချုပ်ရေးပစ္စည်းများကို လက်ခံကာ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။

တရုတ်နိုင်ငံယူနန်ပြည်နယ် မှ မြန်မာနိုင်ငံမန္တလေးတိုင်းဒေသကြီးသို့ COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးပစ္စည်းများ လွှဲပြောင်းပေးအပ်နေစဉ် (ဓာတ်ပုံ-မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံကောင်စစ်ဝန်ချုပ်ရုံး)

မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံကောင်စစ်ဝန်ချုပ် ချန်းချန် က မိန့်ခွန်းပြောကြားရာတွင် COVID-19 ရောဂါသည် ကမ္ဘာ့လူသားအားလုံးရင်ဆိုင်နေရသည့် အတူတကွ စိန်ခေါ်မှုတစ်ရပ်ဖြစ်ပြီး နိုင်ငံတကာအသိုင်းအဝိုင်း က ပူးပေါင်းဆောင်ရွက်ကာ လက်တွဲရင်ဆိုင်သွားရမည်ဖြစ်ကြောင်း ၊ တရုတ်နိုင်ငံ နှင့် မြန်မာနိုင်ငံ တို့က အေးအတူပူအမျှ ဆွေမျိုးပေါက်ဖော်ညီအကိုများဖြစ်ကြပြီးမြန်မာနိုင်ငံသည် တရုတ်နိုင်ငံ ကပ်ရောဂါတိုက်ဖျက်နိုင်ရန်အတွက် အစောဆုံးကူညီထောက်ပံ့ပေးခဲ့သည့် နိုင်ငံဖြစ်ကြောင်း ၊ မြန်မာနိုင်ငံ၌ ကပ်ရောဂါစတင်ဖြစ်ပွားချိန်တွင်လည်း တရုတ်နိုင်ငံ သည် ပထမဦးဆုံးအချိန်တွင် ကူညီထောက်ပံ့မှုဆောင်ရွက်ပေးခဲ့ပြီး ကပ်ရောဂါတိုက်ဖျက်ရေး ထောက်ပံ့ရေးပစ္စည်များကို တစ်သုတ်ပြီးတစ်သုတ် ပို့ဆောင်ပေးခဲ့ကြောင်း ၊ တရုတ်နိုင်ငံ မှ ကပ်ရောဂါတိုက်ဖျက်ရေး ဆေးဘက်ဆိုင်ရာပညာရှင်အဖွဲ့သည်လည်း မြန်မာနိုင်ငံသို့ အရေးပေါ် လာရောက်ကူညီပေးခဲ့ပြီး မြန်မာနိုင်ငံရှိတရုတ်နိုင်ငံလုပ်ငန်းကုမ္ပဏီများ ကလည်း ကပ်ရောဂါကာကွယ်ရေးပစ္စည်းများကို တက်ကြွစွာ လှူဒါန်းပေးခဲ့ကြောင်း ၊ တရုတ်နိုင်ငံ အတွင်းရှိ ပရဟိတအဖွဲ့အစည်းများအနေဖြင့်လည်း တရုတ်နိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံးမှတစ်ဆင့် မြန်မာနိုင်ငံမြောက်ပိုင်း ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေး အတွက် ထောက်ခံအားပေးမှုများဆောင်ရွက်ပေးခဲ့ကြောင်း ၊ ယူနန်ပြည်နယ် ကပ်ရောဂါ တိုက်ဖျက်ရေးဆိုင်ရာ ဆေးဘက်ဆိုင်ရာပညာရှင်အဖွဲ့သည်လည်း တရုတ်နိုင်ငံ မှ လှူဒါန်းပေးသည့် စက်ကိရိယာများကို ယူဆောင်လာကာ မန္တလေးမြို့ တွင် ၃ ရက်အတွင်း ရောဂါစစ်ဆေးမှု ဓာတ်ခွဲခန်းကို တည်ဆောက်ပေးနိုင်ခဲ့ကြောင်း ၊ မန္တလေးတိုင်းဒေသကြီး ၊ ရှမ်းပြည်နယ် နှင့် မွန်ပြည်နယ် တို့အတွက် ရောဂါစစ်ဆေးပေးသူ ၃၀ ဦးကို သင်တန်းပို့ချပေးနိုင်ခဲ့ကြောင်း ၊ ကီလိုမီတာ ၂,၀၀၀ ကျော်ရှိသော နှစ်နိုင်ငံ နယ်နိမိတ်မျဉ်း တစ်လျှောက်တွင် နှစ်နိုင်ငံအနေဖြင့် ကပ်ရောဂါကာကွယ်ထိန်းချုပ်မှု ကို တက်ကြွစွာ ဆောင်ရွက်ခဲ့ပြီး ကပ်ရောဂါကာကွယ်ထိန်းချုပ်မှုကို အလုံးစုံဆောင်ရွက်ကာ နှစ်နိုင်ငံကုန်သွယ်ရေး အနှောက်အယှက်မဖြစ်အောင်ဆောင်ရွက်နိုင်ခဲ့ကြောင်း ၊ ယူနန်ပြည်နယ်အနေဖြင့် နယ်စပ်ဒေသ စီမံခန့်ခွဲမှုကို တိုးချဲ့ဆောင်ရွက်ခဲ့ပြီး ကပ်ရောဂါ ပြန့်ပွားမှုအန္တရာယ်ကို လျှော့ချနိုင်ခဲ့ကြောင်း ၊ ထို့ပြင်ဆောင်ရွက်မှုအမျိုးမျိုးဖြင့် နယ်စပ်ကုန်သွယ်ရေးအား တည်ငြိမ်မှုရှိအောင်ဆောင်ရွက်ခဲ့ပြီး နှစ်နိုင်ငံပြည်သူလူထု ၏ အတူတကွအကျိုးစီးပွားကို ထိန်းသိမ်းနိုင်ခဲ့ကြောင်းပြောကြားခဲ့သည်။

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် က လှူဒါန်းပေးသည့် ကာကွယ်ထိန်းချုပ်ရေးပစ္စည်းများကို လက်ခံကာ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်နေစဉ်(ဓာတ်ပုံ-မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံကောင်စစ်ဝန်ချုပ်ရုံး)

မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံကောင်စစ်ဝန်ချုပ် ချန်းချန် က COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးပစ္စည်းများလှူဒါန်းလွှဲပြောင်းပေးအပ်ပွဲအခမ်းအနားတွင် မိန့်ခွန်းပြောကြားနေစဉ် (ဓာတ်ပုံ-မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံကောင်စစ်ဝန်ချုပ်ရုံး)

ထို့ပြင် ကောင်စစ်ဝန်ချုပ် ချန်းချန် က တရုတ်နိုင်ငံအနေဖြင့် ခက်ခဲစွာကြိုးပမ်းအားထုတ်မှု ဖြင့် ကပ်ရောဂါတိုက်ဖျက်ရေးတွင် မဟာအောင်မြင်မှုရရှိနိုင်ခဲ့ပြီး ကပ်ရောဂါပြန်လည် မပြန့်ပွားလာစေမည့်တာဝန်ကို ထမ်းဆောင်ထားကြောင်း ၊ တရုတ်နိုင်ငံအနေဖြင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရန် အရေးကြီးသည့် တာဝန်ကိုထမ်းဆောင်ထားပြီး မြန်မာနိုင်ငံအနေဖြင့်လည်း ကပ်ရောဂါအား ရင်ဆိုင်ရသည့် အရေးပါသည့် အချိန်ကာလသို့ ရောက်ရှိနေကြောင်း ၊ ယူနန်ပြည်နယ် ၏ ယခုအကြိမ်မြန်မာနိုင်ငံအပေါ် ကူညီထောက်ပံ့မှုသည် အခက်အခဲရှိချိန်တွင်ပေးအပ်ခဲ့သည့် နှောင်ကြိုးမဲ့ ကူညီထောက်ပံ့မှု တစ်ရပ်ဖြစ်ပြီး အခက်အခဲများနှင့်ရင်ဆိုင်ကြုံတွေ့ချိန်တွင် အပြန်အလှန်စောင့်ကြည့် ကူညီပေးသည့် တရုတ်-မြန်မာဆွေမျိုးပေါက်ဖော် သံယောဇဉ်ကို ပေါ်လွင်စေခဲ့ကြောင်း ၊ ယခုကဲ့သို့သောဆောင်ရွက်မှု က တရုတ်-မြန်မာ အေးအတူပူအမျှအသိုက်အဝန်း၏ အဓိပ္ပါယ်ကို ဖော်ပြပေးနိုင်ခဲ့ပြီး စည်းလုံးညီညွတ်စွာပူးပေါင်းဆောင်ရွက်သည့် စိတ်ဓာတ်ကိုလည်း ဖော်ပြပေးနိုင်ခဲ့ကြောင်း ၊ တရုတ်နိုင်ငံအနေဖြင့် ယူနန်ပြည်နယ် ပြည်သူလူထု တို့၏ ချစ်ခြင်းမေတ္တာများဖြင့် စုစည်းထားသော မန္တလေးတိုင်းဒေသကြီး ပြည်သူလူထုအတွက် ချစ်ကြည်ရေးထောက်ပံ့ရေးပစ္စည်းများသည် မန္တလေးတိုင်းဒေသကြီး ကပ်ရောဂါတိုက်ဖျက်ရေး ရှေ့တန်းတွင် လုပ်ကိုင်ဆောင်ရွက်သူများအတွက် ထိရောက်သည့် အထောက်အပံ့ဖြစ်စေရန် မျှော်လင့်ကာ ထောက်ပံ့ရေးပစ္စည်းများက မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ပြည်သူလူထုများ ကပ်ရောဂါအား အမြန်ဆုံးတိုက်ဖျက်နိုင်ရေး အတွက် အထောက်အကူဖြစ်စေနိုင်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် က မိန့်ခွန်းပြောကြားရာတွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ နှင့် ပြည်သူလူထု ကိုယ်စား တရုတ်နိုင်ငံ ယူနန်ပြည်နယ် အစိုးရ နှင့် ပြည်သူလူထုတို့၏ တန်ဖိုးကြီးမားသည့် အကူအညီအပေါ် ကျေးဇူးတင်လိုကြောင်း ၊ တရုတ်နိုင်ငံ သည် မြန်မာနိုင်ငံ၏ ချစ်ခင်ရင်းနှီးသော အိမ်နီးချင်းနိုင်ငံဖြစ်ပြီး မြန်မာနိုင်ငံ၌ ကပ်ရောဂါ စတင်ဖြစ်ပွားချိန်မှစ၍ တရုတ်နိုင်ငံ က မြန်မာနိုင်ငံအား ကပ်ရောဂါတိုက်ဖျက်ရေးပစ္စည်းများစွာ ထောက်ပံ့ပေးခဲ့ကာ မြန်မာနိုင်ငံကိုလည်း ကပ်ရောဂါတိုက်ဖျက်ရေးအတွေ့အကြုံများ မျှဝေပေးခဲ့ကြောင်း ၊ ယခုနှစ်မေလတွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ်အစိုးရ က မန္တလေးတိုင်းဒေသကြီး အား ကပ်ရောဂါ တိုက်ဖျက်ရန် အတွက် အရေးပေါ် လိုအပ်နေသည့် ရောဂါစစ်ဆေးမှုဓာတ်ခွဲခန်းကို ကူညီတည်ဆောက်ပေးခဲ့ပြီး မြန်မာနိုင်ငံ သက်ဆိုင်ရာတာဝန်ရှိသူများကိုလည်း သင်တန်းပို့ချပေးခဲ့ကာ မြန်မာနိုင်ငံ ၏ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်မှုစွမ်းရည်ကို မြှင့်တင်ပေးနိုင်ခဲ့ကြောင်း ၊ ယခုအကြိမ်တွင်လည်း တရုတ် နိုင်ငံ ယူနန်ပြည်နယ် က မန္တလေးတိုင်းဒေသကြီးအား တန်ဖိုးအားဖြင့် မြန်မာကျပ်ငွေ သန်း ၈၀၀ တန်ဖိုးရှိ ကာကွယ်ရေးပစ္စည်းများကိုလှူဒါန်းပေးခဲ့ကြောင်း ၊ ယခုလှူဒါန်းမှုက မန္တလေးတိုင်းဒေသကြီး ကပ်ရောဂါရင်ဆိုင်ဖြေရှင်းရေး နှင့် ကြိုတင်ကာကွယ်ထိန်းချုပ်ရေး အတွက် များစွာအထောက်အကူဖြစ်စေမည်ဖြစ်ပြီး အရေးပါသည့် သက်ရောက်မှုဖြစ်ပွားစေမည်ဖြစ်ကြောင်း ၊ တရုတ်နိုင်ငံ ယူနန်ပြည်နယ်အစိုးရ ၏ မန္တလေးတိုင်းဒေသကြီးအပေါ် ကူညီထောက်ပံ့မှုက နှစ်နိုင်ငံ ချစ်ကြည်ရေးတွင် သမိုင်းတွင်စေမည်ဖြစ်ပြီး မန္တလေးတိုင်းဒေသကြီးနှင့် ယူနန်ပြည်နယ်အကြား ချစ်ကြည်ဆက်ဆံရေးကို တိုးချဲ့သွားလိုကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.