Connect with us

MYANMAR

နေပြည်တော် လာရောက်သူများ သက်ဆိုင်ရာ အထောက်အထားများ မပြနိုင်ပါက Q ဝင်ရမည် ဟုထုတ်ပြန်

နေပြည်တော်၌ လွှတ်တော်အမတ်များအား လွှတ်တော်အဝင် ကျန်းမာရေး စစ်ဆေးနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဧပြီ ၂၈ ရက် (ဆင်ဟွာ)

COVID-19 ကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် အခြားဒေသများမှ နေပြည်တော်သို့လာရောက်လျှင် သော်လည်းကောင်း၊ နေပြည်တော်မှ အခြားဒေသများသို့သွားရောက်ပြီး ပြန်လည် ဝင်ရောက် လာလျှင်သော်လည်းကောင်း၊ သက်ဆိုင်ရာ အဖွဲ့အစည်းများ၏ ခိုင်လုံသော အထောက်အထား များ၊ အကြောင်းပြချက်များ ပါရှိရမည် ဖြစ်ကြောင်း၊ ထိုအချက်အလက်များကို စိစစ် ဆောင်ရွက် ပြီးမှသာ ဝင်ရောက်ခွင့် ပြုမည်ဖြစ်ကြောင်း နေပြည်တော်ကောင်စီက ယနေ့ညနေပိုင်း၌ ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ထိုကြေညာချက်တွင် ရောဂါ ဖြစ်ပွားရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ နေထိုင်သူများ အတွက် နှင့် နေပြည်တော်၌ အခြေချ နေထိုင်သူများအတွက်ဟူ၍ နှစ်ပိုင်းပါရှိပြီး တိုင်းဒေသကြီးနှင့် ပြည် နယ် များ၌ နေထိုင် သူများ အနေဖြင့် ၎င်းဒေသမှ တာဝန်ရှိသူများ၏ ခွင့်ပြုချက်မပါဘဲ နေပြည် တော်သို့လာရောက် ပါက၊ သို့မဟုတ် နေပြည်တော်သို့လာရောက်ရန် အကြောင်းကြား စာ ပြသနိုင်ခြင်း မရှိဘဲ လာ ရောက်ပါက နေပြည်တော်ကောင်စီက ပြင်ဆင်ထားသော Community Based Facility Quarantine နေရာများတွင် ၂၁ ရက် ကြာ နေထိုင်စေရန်၊ ရောဂါ ဖြစ်ပွားရာ တိုင်း ဒေသကြီးနှင့် ပြည်နယ်များ၌ နေထိုင်သော်လည်း ပြည်ထောင်စု အဖွဲ့အစည်းများ၊ ပြည်ထောင်စု ဝန်ကြီးဌာနများနှင့် ဆက်သွယ် ဆောင်ရွက်ရမည့် နေပြည်တော်သို့လာရောက်ရန် အကြောင်း ကြားစာ ရရှိသူများအား မြို့အဝင်ဂိတ်များတွင် ကျန်းမာရေး စစ်ဆေးမှု ခံယူစေပြီး သံသယ ဖြစ်ဖွယ် ရောဂါလက္ခဏာ မတွေ ့ရှိမှသာ သက်ဆိုင်ရာ အဖွဲ့အစည်းဌာနများသို့သွားခွင့်ပြုရန်၊ ရောဂါ ဖြစ်ပွားရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ နေထိုင်သော်လည်း ၎င်းတို့နှင့် သက်ဆိုင်သော လုပ်ငန်းများ ဆောင်ရွက်ရန် နေပြည်တော်သို့လာရောက်လိုသော မြန်မာနိုင်ငံ အခြေစိုက် နိုင်ငံခြား သံတမန်များ၊ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများနှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများမှ ဝန်ထမ်းများအနေဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၏ ထောက်ခံချက် ပြသနိုင်လျှင် မြို့အဝင်ဂိတ်များတွင် ကျန်းမာရေး စစ်ဆေးမှု ခံယူစေပြီး သံသယ ဖြစ်ဖွယ် ရောဂါ လက္ခဏာ မတွေ ့ရှိမှသာ မြို့တွင်းသို့ဝင်ရောက်ခွင့်ပြုရန်၊ စသည့် အချက်များအပြင် မိမိ နေထိုင်ရာမှ အခြားဒေသသို့သွားလာခွင့်ရ အဖွဲ့အစည်းများမှ ဝန်ထမ်းများ၊ ကုမ္ပဏီ ဝန်ထမ်းများအတွက် ညွှန်ကြားချက်များလည်း ပါရှိသည်။

နေပြည်တော်တွင် အခြေချ နေထိုင်သူများ နေပြည်တော်သို့ပြန်လည် ဝင်ရောက်ပါက မည်သည့် တိုင်းဒေသကြီး ပြည်နယ်များရှိ မြို့များသို့သွားရောက်ခဲ့သည် ဆိုသည့် အထောက်အထားများ တင်ပြရန်၊ အထောက်အထား ခိုင်လုံစွာ မတင်ပြနိုင်သူများ၊ သို့မဟုတ် တင်ပြရန် ငြင်းဆန်သူများ အားလည်းကောင်း၊ stay home သတ်မှတ်ထားသော မြို့များသို့သွားရောက်ခဲ့ကြောင်း ခိုင်လုံသော အထောက်အထား တွေ့ရှိလျှင်လည်းကောင်း နေပြည်တော်ကောင်စီက ပြင်ဆင်ထားသော Community Based Facility Quarantine နေရာများတွင် ၂၁ ရက် နေထိုင်ရန်၊ စသည့် အချက်များ ပါဝင်ပြီး ပြည်သူများအနေဖြင့် ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ နေရပ်လိမ်လည် ဖော်ပြခြင်း၊ မမှန်မကန် ဖြေကြားခြင်း၊ စစ်ဆေးမှုကို ကြည်ဖြူစွာ ပူးပေါင်း ဆောင်ရွက်ခြင်း မရှိသူများအား ကူးစက် ရောဂါများ ကာကွယ် နှီမ်နင်းရေး ဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ယခုကြေညာချက်သည် ၂၀၂၀ ဧပြီ ၃၀ ရက်နေ့မှ စတင် အသက်ဝင်မည် ဖြစ်ကြောင်း ဖော်ပြ ပါရှိသည်။

“ဒီကြေညာချက်မှာ နေပြည်တော်ကို ဝင်လာမယ့် ပြည်တွင်း ပြည်ပ အဖွဲ့အစည်းတွေက စေလွှတ် မယ့်သူတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေလို ပြည်ထောင်စု အဆင့် အဖွဲ့အစည်းဝင်တွေ အားလုံးအတွက်ရော NGO, INGO အဖွဲ့တွေရော  ကုမ္ပဏီတွေက ဝန်ထမ်းတွေအားလုံး ပါပါတယ်၊ နေပြည်တော်ကို အရမ်း ပိတ်လိုက်လို့ကလည်း မဖြစ်ဘူးလေ၊ ဒါကြောင့် အထောက်အထားလည်း ခိုင်လုံမယ်၊ COVID_19 လက္ခဏာတွေလည်း မတွေ့ဘူးဆိုရင် ဝင်လာလို့ရပါတယ်” ဟု နေပြည် တော် ကောင်စီဝင် ဦးအောင်မြင်ထွန်းက ဆင်ဟွာသတင်းဌာနသို့ဖုန်းဖြင့် ဖြေကြားခဲ့သည်။

လက်ရှိ၌ နေပြည်တော်သို့ပြန်လည် ဝင်ရောက်လာပြီး Quarantine ဝင်နေသူများအနက် အစိုးရ ဝန်ထမ်း ဦးရေ ၅၀၀ ကျာ်ရှိကြောင်း၊ အိမ်နီးချင်း နိုင်ငံများမှ ပြန်ရောက်လာပြီး ရွာတော်၌ quarantine ဝင်နေသူဦးရေမှာ ၅၀၀ ခန့်ရှိကြောင်းလည်း ဦးအောင်မြင်ထွန်းက ဖြည့်စွက် ပြောကြားခဲ့သည်။ (Xinhua)