Connect with us

WORLD

ဆောင်းဦးလလယ်ပွဲတော်တွင် လူစုလူဝေးမလုပ်ကြရန် တောင်ကိုရီးယား အစိုးရ တိုက်တွန်း 

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တွင် နှာခေါင်းစည်းတပ်သွားလာနေသူများအား စက်တင်ဘာ ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

 

ပေကျင်း၊ စက်တင်ဘာ ၇ ရက်(ဆင်ဟွာ) 

COVID-19 ကပ်ရောဂါ တစ်နိုင်ငံလုံး ပြန့်ပွားမှုကို ကာကွယ်ရန်အတွက် ဆောင်းဦးလလယ် လမုန့်ပွဲတော် ပိတ်ရက်ကာလတွင် အပြင်ထွက်သွားလာခြင်းကို လျှော့ချရန်နှင့် အခြားဒေသသို့ သွားရောက်၍ ဆွေမျိုးမိတ်ဆွေများနှင့်ဆုံစည်းခြင်းကို ရှောင်ရှားကြရန် တောင်ကိုရီးယားနိုင်ငံ အစိုးရက စက်တင်ဘာ ၆ ရက်တွင် တိုက်တွန်းနှိုးဆော်လိုက်ကြောင်း သိရသည်။ 

တောင်ကိုရီးယား၏ ယခုနှစ် ဆောင်းဦးလလယ်ပွဲတော် ပိတ်ရက်ကာလသည် စက်တင်ဘာ ၃၀ ရက်မှ အောက်တိုဘာ ၄ ရက်အထိ ဖြစ်သည်။ ထိုပွဲတော်ကာလသည် ပြီးခဲ့သည့်နှစ်များတွင် ခရီးသွား ရာသီကာလဖြစ်ပြီး ဟိုတယ်၊ အပန်းဖြေနားနေစခန်း၊ ဥယျာဉ်ပန်းခြံတို့၏ ရောင်းအားမြင့်တက်ခဲ့သည်။ လူအများကလည်း ပိတ်ရက်ရှည်ကာလတွင် ဇာတိသို့ပြန်၍ ဆွေမျိုးမိသားစုများနှင့် ဆုံစည်းလေ့ရှိကြသည်။

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တွင် နှာခေါင်းစည်းတပ်သွားလာနေသူများအား စက်တင်ဘာ ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

 “ထောင်သောင်းနဲ့ချီတဲ့လူတွေက တစ်ချိန်တည်းမှာ ခရီးသွားမယ်ဆိုရင် ရောဂါပိုး တစ်နိုင်ငံလုံးတွင် ပြန့်နှံ့မှု ပိုပြီး ဆိုးဝါးစေနိုင်ပါတယ်။ မိမိမိသားစုဝင်တွေ ရောဂါပိုး မကူးစက်စေဖို့ ဒီနှစ် ဆောင်းဦးလလယ်ပွဲတော်ကာလတွင် အားလုံး အိမ်မှာနေကြဖို့ ကျွန်တော်တို့ အလေးထား တိုက်တွန်းအပ်ပါတယ်”ဟု တောင်ကိုရီးယားနိုင်ငံ  ကျန်းမာရေးနှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Son Young-rae က စက်တင်ဘာ ၆ ရက်တွင် ပြောကြားခဲ့သည်။

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တွင် နှာခေါင်းစည်းတပ်သွားလာနေသူများအား စက်တင်ဘာ ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တောင်ကိုရီးယားကပ်ရောဂါကူးစက်မှုအခြေအနေသည် တည်ငြိမ်နှေးကွေးသွားသည့်အနေအထားတွင် ရှိသော်လည်း သတ်မှတ်ချက်များကို ဖြေလျှော့ရန် အချိန်စောနေသေးကြောင်း ၎င်းက ဆိုသည်။ ရောဂါ ကာကွယ်ရေးဌာန၏ ကြိုတင်ခန့်မှန်းချက်များအရ ရက်သတ္တပတ် သုံးပတ်နောက်ပိုင်း ဆောင်းဦးလလယ်ပွဲတော် ပိတ်ရက်ကာလတွင် ထိန်းချုပ်နိုင်ရန်ပြောရခက်နေသော်ကြောင့် သတိဖြင့် နေထိုင်ရန်လိုအပ်ကြောင်း သိရသည်။ 

The Korea Herald ၏ စက်တင်ဘာ ၆ ရက် သတင်းများအရ လူသွားလာမှု နည်းပါးအောင် ပိတ်ရက်ကာလ ရထားလက်မှတ် အကန့်အသတ်ဖြင့်ရောင်းချခြင်း၊ အမြန်လမ်းဝန်ဆောင်ဇုန်များတွင် Social Distanceထားရှိခြင်း စသည့်နည်းလမ်းများကို အစိုးရက ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။

ဆောင်းဦးလလယ် ပိတ်ရက်ကာလတွင် ခရီးသွားလာမှုကို လျှော့ချရန်နှင့် ကိုဗစ်ကပ်ရောဂါအန္တရာယ်ကို သတိချပ်ကြရန် တောင်ကိုရီးယား ဝန်ကြီးချုပ် Chung Sye-kyunက စက်တင်ဘာ ၆ ရက် အစောပိုင်းက ပြောကြားခဲ့သည်။ တစ်ကျော့ပြန် ကပ်ရောဂါ ဩဂုတ်လတွင် ပြန်ဖြစ်ပွားခဲ့ရာ ဩဂုတ် ၁၄ ရက်မှစ၍ နေ့စဉ်အသစ်ထပ်တိုး လူနာအရေအတွက်သည် ရက် ၂၀ ဆက်တိုက် ရာဂဏန်းတွင်ရှိခဲ့ပြီး ဩဂုတ် ၂၇ ရက်၏ထပ်တိုးလူနာသည် ၄၄၁ ဦးရှိခဲ့ကြောင်း ၊ ၎င်းမှာ ၆လကြာ ကာလအတွင်း အမြင့်ဆုံး ဖြစ်ခဲ့ကြောင်း Yonhap၏ သတင်းများဖော်ပြထားသည်။ ထို့နောက် ထပ်တိုးလူနာအရေအတွက်သည် ၄၀၀ ဦးနှင့် ၃၀၀ ဦးအောက်သို့ တဖြည်းဖြည်းကျဆင်းခဲ့ပြီး စက်တင်ဘာ ၃ ရက်မှ ၆ ရက်အထိ ၄ ရက်ဆက်တိုက် ကူးစက်သူဦးရေ ၂၀၀ အောက်သို့ ကျဆင်းခဲ့ကြောင်း သိရသည်။

တစ်နိုင်ငံလုံးအတိုင်းအတာ ဒုတိယအဆင့် ရောဂါကာကွယ်ထိန်းချုပ်ရေးနည်းလမ်းများကို စက်တင်ဘာ ၆ ရက်မှ ၂၀ ရက်အထိ တိုးမြှင့်မည်ဖြစ်ပြီး ဆိုးလ်မြို့ပတ်ဝန်းကျင်၏ ပိုမို စည်းကြပ်မှုကို စက်တင်ဘာ ၁၃ ရက် ထိ တိုးမြှင့်မည်ဖြစ်ကြောင်း  တောင်ကိုရီးယားအစိုးရက စက်တင်ဘာ ၄ ရက်တွင် ကြေညာခဲ့သည်။ 

တောင်ကိုရီးယား ဗဟို ကပ်ရောဂါကာကွယ်ရေးနှင့်ညွှန်ကြားရေးဌာန၏ စက်တင်ဘာ ၆ ရက်တွင် ထုတ်ပြန်သည့် ကိန်းဂဏန်းများအရ ယင်းနေ့ ၀၀:၀၀နာရီအထိ တောင်ကိုရီးယားသည်  ပြီးခဲ့သည့်ရက်ကထက်  အတည်ပြုလူနာ ၁၆၇ ဦး ထပ်တိုးလာရာ ၎င်းတို့အနက် ၁၅၂ ဦးမှာ ပြည်တွင်းကူးစက်မှုများဖြစ်ပြီး ၁၅ မှာ ပြည်ပကူးစက်မှုဖြစ်ကြောင်းနှင့် စုစုပေါင်းအတည်ပြုလူနာ ၂၁,၁၇၇ ဦး၊ စုစုပေါင်း သေဆုံးသူ ၃၃၄ ဦး ရှိကြောင်း သိရသည်။(Xinhua)