Connect with us

WORLD

ပြီးခဲ့သောနှစ် နိုဝင်ဘာက COVID-19ရောဂါကူးစက်ခံခဲ့ရကြောင်း အမေရိကန်နိုင်ငံ နယူးဂျာစီပြည်နယ် မြို့တော်ဝန် ပြောကြား

အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့တွင် ကျန်းမာရေးဝန်ထမ်းများက COVID-19 ရောဂါ စစ်ဆေးရန် ဆောင်ရွက်နေသည်ကို ဧပြီ ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ မေ ၆ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ နယူးဂျာစီပြည်နယ် အက်စ်ဆက်(Essex)ကောင်တီ ဘယ်လ်ဗီလ်(Belleville)မြို့ မြို့တော်ဝန် မိုက်ကယ် မယ်လ်ဟမ်(Michael Melham)က  ၎င်း၏ COVID-19 စစ်ဆေးမှုတွင် positive ဖြစ်နေကြောင်း ၊ မိမိအနေဖြင့် ပြီးခဲ့သောနှစ် နိုဝင်ဘာက COVID-19 ရောဂါ ကူးစက်ခံခဲ့ရသည်ဟု ယုံကြည်ကြောင်း မကြာသေးမီရက်များက ပြောကြားခဲ့သည်။

NorthJersey ဝဘ်ဆိုက်၏ ဧပြီ ၃၀ ရက် သတင်းများအရ မိုက်ကယ် မယ်လ်ဟမ်သည် ပြီးခဲ့သောနှစ် နိုဝင်ဘာ လကုန်က နယူးဂျာစီပြည်နယ် အတ္တလန္တိတ်မြို့တွင်ကျင်းပသည့် မြို့တော်ဝန်များအစည်းအဝေးကို တက်ရောက်ပြီးအပြန်တွင် နေမကောင်းဖြစ်ခဲ့ရာ ချမ်းခြင်း၊ကယောင်ကတန်းဖြစ်ခြင်းနှင့်ကိုယ်ပူချိန်မြင့်မားခြင်းစသည့်လက္ခဏာတွေရှိခဲ့သည်ဟု ၎င်းက သတင်းဌာနတစ်ခုသို့ ပြောကြားခဲ့ကြောင်း သိရသည်။ “ကျွန်တော်က မူးယစ်ဆေးဖြတ်လူနာတစ်ယောက်လိုပါပဲ ၊ တစ်ခါမှ ဒီလောက်ကြီး နေမကောင်းဖြစ်လိမ့်မယ်လို့ ကျွန်တော်မထင်ခဲ့ဘူး”ဟု ၎င်းက ဆိုသည်။

ထိုအချိန်က တုပ်ကွေးဖြစ်နိုင်သည်ဟု ဆရာဝန်က ဆိုကြောင်း၊ အနားယူ၊အားဆေးသွင်းပြီးနောက် ပြန်လည်ကျန်းမာလာကြောင်း ၊တုပ်ကွေးရောဂါပိုး စစ်ဆေးမှုမူကို မပြုလုပ်ခဲ့ကြောင်းနှင့် ခရီးသွားရာဇဝင်လည်းမရှိကြောင်း မိုက်ကယ် မယ်လ်ဟမ်က ဆိုသည်။ဧပြီလကုန်ပိုင်းတွင် နိုဗယ်ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးမှုကို ခံယူခဲ့ရာ ဧပြီ ၂၉ ရက်တွင် positiveဖြစ်သည်ဟု သိရကြောင်း ၊ မိမိအား အစောပိုင်းကာလက ဗိုင်းရပ်စ်ကူးစက်ခံရသည်ကို မတွေ့ရှိခြင်းဖြစ်နိုင်ကြောင်း၊  နောက်ပိုင်းတွင် လက္ခဏာမပြ ရောဂါပိုးကူးစက်ခံရသူဖြစ်လာခြင်း အခြေအနေနည်းကြောင်း ၄င်းက ဆိုသည်။

ယခုနှစ် ဇန်နဝါရီတွင် အမေရိကန်နိုင်ငံ၌ ပထမဆုံး COVID-19 အတည်ပြုလူနာရှိကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ နယူးယောက်နှင့်ကပ်လျက်ရှိသော နယူးဂျာစီပြည်နယ်သည် အမေရိကန်နိုင်ငံ၏ ကပ်ရောဂါအခြေအနေ ဒုတိယအဆိုးဆုံးပြည်နယ်ဖြစ်ပြီး မတ် ၄ ရက်တွင်  COVID-19 အတည်ပြုလူနာရှိကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

အမေရိကန် ပြည်သူ့ကျန်းမာရေး ကျွမ်းကျင်ပညာရှင်များက နိုဗယ်ကိုရိုနာဗိုင်းရပ်စ်သည် ယခုနှစ်ဦးပိုင်းကာလကတည်းက အမေရိကန်တွင် ပျံ့နှံ့နေခြင်းဖြစ်နိုင်ကြောင်း ၊ သို့သော်လည်း ထိုအချိန်က စစ်ဆေးသည့်ပမာဏနည်းသလို စစ်ဆေးရန်လည်း ခက်ခဲကြောင်း ဆိုသည်။ နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ၏ လေးပုံတစ်ပုံခန့်သည် ရောဂါလက္ခဏာမပြကြကြောင်း အမေရိကန် ကပ်ရောဂါထိန်းချုပ်ရေးဗဟို(CDC)၏ ခန့်မှန်းတွက်ချက်မှုများအရ သိရသည်။ (Xinhua)