Connect with us

WORLD

အမေရိကန်ထိပ်တန်းဗိုလ်ချုပ်ကြီးက ကိုရိုနာဗိုင်းရပ်စ် မည်သည့်နေရာက အစပြုသည်ကို “ ကျွန်တော်တို့မသိပါဘူး” ဟုပြောကြား 

အမေရိကန်နိုင်ငံ (ကြည်း ၊ရေ ၊လေ)တပ်ဖွဲ့ စစ်ဦးစီးချုပ်ဥက္ကဋ္ဌဗိုလ်ချုပ်ကြီး Mark Milley အား ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၂၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ မေ ၆ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ(ကြည်း၊ ရေ၊ လေ)တပ်ဖွဲ့ညှိနှိုင်းကွပ်ကဲရေးမှူး ၊ စစ်ဦးစီးချုပ်ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး Mark Milley က ကိုရိုနာဗိုင်းရပ်စ် အစပြုသည့်နေရာကို “ ကျွန်တော်တို့မသိပါဘူး” ဟု မေ ၅ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။

“ အဲဒါက ဝူဟန့်မှာ ရှိတဲ့ ဗိုင်းရပ်စ်ဓာတ်ခွဲခန်းတစ်ခုက ထွက်လာတာလား ၊ ဝူဟန့်မြို့မှာရှိတဲ့ သားငါးဈေးတစ်ခုက ဖြစ်ပေါ်လာတာလား သို့မဟုတ် တစ်ခြားတစ်နေရာရာက ဖြစ်ပေါ်လာတာလား။ ပြီးတော့ အဲဒါတွေအတွက် အဖြေက ကျွန်တော်တို့မသိပါဘူး ” ဟု အမေရိကန်နိုင်ငံ ထိပ်တန်းစစ်ဗိုလ်ချုပ်ကြီးက COVID-19 ၏ မူလအစပြုနေရာနှင့်ပတ်သက်၍ သတင်းထောက်များ၏ မေးမြန်းချက်အပေါ် ပင်တဂွန်စစ်ဌာနချုပ်၌ ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

“ အမေရိကန်အစိုးရရဲ့ စစ်ဘက် နဲ့အရပ်ဖက်မှာရှိတဲ့ ထောက်လှမ်းရေးဌာနအသီးသီးက အဲဒါကို ရှာဖွေနေကြပါတယ်” ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။သက်သေအထောက်အထားများအရ ကိုရိုနာဗိုင်းရပ်စ်သည် “ သဘာဝအတိုင်းဖြစ်ပေါ်လာခြင်းဖြစ်ပြီး လူလုပ်ထားခြင်းမဟုတ်သည်ကို ညွှန်ပြနေကြောင်းနှင့် “ ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာမျိုးမဟုတ်”ကြောင်း Milley က ဆိုသည်။

အမေရိကန်နိုင်ငံအမျိုးသားဓာတ်ခွဲခန်းနှင့်ကူးစက်ရောဂါဌာန(NIAID) ညွှန်ကြားရေးမှူး Anthony Fauci က မတ် ၁၀ ရက်တွင် အိမ်ဖြူတော်၌ သတင်းစာရှင်းလင်းပွဲပြုလုပ်နေစဉ်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ အမျိုးသားဓာတ်ခွဲခန်း နှင့် ကူးစက်ရောဂါဌာန(NIAID) မှ ညွန်ကြားရေးမှူး Anthony Fauci ကလည်း မေ ၄ ရက်တွင် National Geographic နှင့်ပြုလုပ်သောတွေ့ဆုံမေးမြန်းခန်းတစ်ခု၌ COVID-19 ရောဂါကိုဖြစ်ပေါ်စေသည့် SARS-CoV-2 ဗိုင်းရပ်စ်သည် ဖန်တီးပြုလုပ်ထားခြင်းမဟုတ်ကြောင်း သို့မဟုတ်  တမင်ရည်ရွယ် လုပ်ဆောင်ထားခြင်း မဟုတ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

ဓာတ်ခွဲခန်းပြင်ပ၌ ဗိုင်းရပ်စ် တွေ့ရှိခဲ့ခြင်းအပေါ် ဖြစ်နိုင်ခြေနှင့်ပတ်သက်၍ မေးမြန်းရာတွင် Fauci က “ ဒါက ဗိုင်းရပ်စ်ဟာ တောရိုင်းတိရစ္ဆာန်က အစပြုခြင်းအဓိပ္ပါယ်ပေါ့” ဟုပြန်လည်ဖြေကြားခဲ့သည်။“ ဒါကြောင့်မို့ သူတို့ပြောနေတဲ့အကြောင်းအရာထဲမှာ ကျွန်တော်ဝင်မပါခဲ့ဘူး။ ပြီးတော့ ဒီအငြင်းပွားမှုသံသရာထဲမှာ ကျွန်တော် ဘာကြောင့် အချိန်အများကြီးဝင်မဖြုန်းခဲ့သလဲ ဆိုတာပါပဲ” ဟု ၎င်းကဆိုသည်။

အမေရိကန်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီး မိုက်ပွန်ပီယိုအား မတ် ၅ ရက်တွင် ပြုလုပ်သည့်သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်(ဆင်ဟွာ)

ဗိုလ်ချုပ်ကြီး Milley နှင့် ပညာရှင် Fauci တို့၏ မှတ်ချက်စကားများသည် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယို၏ မေ ၃ရက်တွင် ပြောကြားခဲ့သော “ ကျွန်တော်တို့မှာ အရေးကြီးတဲ့ သက်သေတစ်ခုရရှိထားပြီးပါပြီ ၊ ဗိုင်းရပ်စ်ဟာ ဝူဟန့်ဓာတ်ခွဲခန်းက ထွက်လာခဲ့တာပါ”ဟူသော စကားရပ် နှင့်ရှေ့နောက် မညီဖြစ်နေသည်။ 

သမ္မတထရမ့်အစိုးရအဖွဲ့၏ အကြီးတန်း အရာရှိများက ကိုရိုနာဗိုင်းရပ်စ်သည် တရုတ်နိုင်ငံ ဝူဟန့်ဓာတ်ခွဲခန်းနှင့် ဆက်နွယ်မှုရှိသည်ဆိုသည့် ဖိအားပေးမှုရှိကြောင်း နှင့် ယင်းအား နိုင်ငံရေးလက်နက်တစ်ခုအဖြစ် အသုံးပြုနိုင်ကြောင်းကို အချို့သော အမေရိကန်ထောက်လှမ်းရေး လေ့လာသုံးသပ်မှုများက စိုးရိမ်ပူပန်လျက်ရှိသည်ဟု အမေရိကန် မီဒီယာက ပြီးခဲ့သော ရက်သတ္တပတ်ကုန်ပိုင်းတွင် ရေးသားဖော်ပြခဲ့သည်။

အမေရိကန်နိုင်ငံတွင် COVID-19 ရောဂါဖြင့်သေဆုံးမှုနှုန်းဆက်လက် မြင့်တက်လျက်ရှိရာ ထရမ့်အစိုးရအဖွဲ့အတွင်းမှ အချို့သောသူများက ယင်းတို့၏မှားယွင်းသော လုပ်ဆောင်ချက်အား အခြားသူများအပေါ် အပြစ်ပုံချရန် ကျယ်ကျယ်ပြန့်ပြန့် ကြိုးပမ်း လုပ်ဆောင်နေကြသည်။မေ ၅ ရက် မွန်းလွဲပိုင်းအထိ အမေရိကန်နိုင်ငံတွင် COVID-19 ကူးစက်ခံရသူပေါင်း ၁,၁၉၄,၀၀ဝ ဦးရှိပြီး သေဆုံးသူ ၇၀,၀၀၀  ကျော် ရှိကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ် သိပ္ပံ နှင့်အင်ဂျင်နီယာဌာနမှ ထုတ်ပြန်ချက်အရ သိရသည်။(Xinhua)