Connect with us

WORLD

COVID-19 ဖြစ်ပွားနေသည့်ကြားမှ နှစ်ဘက်ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု တိုးတက်လာသဖြင့် တရုတ်နိုင်ငံနှင့် အာဆီယံ ဝန်ကြီးများ ချီးကျူး

ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ပြုလုပ်သော ၈ ကြိမ်မြောက် ဒေသတွင်း ဘက်စုံစီးပွာရေးမိတ်ဖက်ဆက်ဆံမှု (RCEP) ဝန်ကြီးအဆင့်အစည်းအဝေးသို့ တက်ရောက်သူများအား တွေ့ရစဉ် (ဓာတ်ပုံ - VNA via Xinhua)

ဟနွိုင်း၊ ဩဂုတ် ၂၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံနှင့် အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) အဖွဲ့ဝင်နိုင်ငံများဆိုင်ရာ စီးပွားရေးဝန်ကြီးများက COVID-19 ကပ်ရောဂါ သက်ရောက်မှုများရှိနေသည့်ကြားမှ နှစ်ဘက် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု အခိုင်အမာတိုးတက်လာသည်ကို ကြိုဆိုကြောင်း ဩဂုတ် ၂၇ ရက်က ပြောကြားခဲ့သည်။ 

၁၉ ကြိမ်မြောက် အာဆီယံ စီးပွားရေးဝန်ကြီးများ -တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန (19th AEM-MOFCOM) ဆွေးနွေးညှိနှိုင်းမှုကို ဗီဒီယိုလင့်ခ်မှတစ်ဆင့် ကျင်းပခဲ့ရာ တရုတ်နိုင်ငံနှင့် အာဆီယံအကြား ကြံ့ကြံ့ခံ၍ အလားအလာကြီးမားသော ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုသာဓကအဖြစ် တိုးတက်မှုကို ဝန်ကြီးများက အသိအမှတ်ပြုခဲ့ကြသည်။ 

 

ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ပြုလုပ်သော ၈ ကြိမ်မြောက် ဒေသတွင်း ဘက်စုံစီးပွာရေးမိတ်ဖက်ဆက်ဆံမှု (RCEP) ဝန်ကြီးအဆင့်အစည်းအဝေးသို့ တက်ရောက်သူများအား တွေ့ရစဉ် (ဓာတ်ပုံ – VNA via Xinhua)

၂၀၁၉ ခုနှစ်မှစတင်၍ တရုတ်နိုင်ငံသည် အာဆီယံ၏ အကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံအဖြစ် ရှိနေပြီး အာဆီယံကလည်း ယခုနှစ် ပထမနှစ်ဝက်တွင် ပထမဆုံးအကြိမ်အဖြစ် တရုတ်နိုင်ငံ၏ အကြီးဆုံး ကုန်သွယ်ဖက်ဖြစ်လာကြောင်း၊ နှစ်ဘက် ကုန်စည်ကုန်သွယ်မှုမှာ ပြီးခဲ့သည့်နှစ်က အမေရိကန်ဒေါ်လာ ၅၀၇.၉ ဘီလီယံအထိ ရောက်ရှိခဲ့ပြီး တရုတ်နိုင်ငံမှ အာဆီယံသို့ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုအနေဖြင့် စုစုပေါင်း အမေရိကန်ဒေါ်လာ ၉.၁ ဘီလီယံရှိခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ 

ဝန်ကြီးများသည် စီးပွားရေးပြန်လည်နာလန်ထူရန်အတွက် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရန် ခိုင်မာသောပူးပေါင်းဆောင်ရွက်မှု အရေးပါပုံကို အခိုင်အမာပြောကြားခဲ့ပြီး ကပ်ရောဂါအလွန် စီးပွားရေးနာလန်ထူမှု မောင်းနှင်ရာ၌ နိုင်ငံစုံပါဝင်သောစည်းမျဉ်းအခြေခံသည့်  ကုန်သွယ်ရေးစနစ်၏ အရေးပါမှုကို အသိအမှတ်ပြုခဲ့ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။ 

ထို့ပြင် ရှိနှင့်ပြီးသား နိုင်ငံတကာစည်းမျဉ်းများ သက်ဝင်မှုရှိစေရန်နှင့် လွတ်လပ်သော၊ ပွင့်လင်းသော၊ ခွဲခြားဆက်ဆံမှုမရှိသော၊ ပွင့်လင်းမြင်သာမှုရှိပြီး ကြိုတင်ခန့်မှန်းနိုင်သော ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ပတ်ဝန်းကျင်တစ်ခုကို ထိန်းသိမ်းရန် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ပြုပြင်ပြောင်းလဲမှုအတွက် ၎င်းတို့၏ ထောက်ခံမှုကို ထပ်လောင်းပြောကြားခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ဝန်ကြီးများက ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရန်၊ ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ ကုန်စည်ထောက်ပံ့မှုများ ထိန်းသိမ်းရန်၊ ကပ်ရောဂါ၏ စီးပွားရေးအပေါ်သက်ရောက်မှုကို လျှော့ချရန် လွတ်လပ်သောကုန်သွယ်မှုဧရိယာ (FTA) ကို အကျိုးရှိရှိအသုံးချရေးနှင့် ပိုမိုအားကောင်းသော စီးပွားရေးဒေသ တည်ဆောက်ရေးအတွက် အပြုသဘောဆောင်သောလက္ခဏာအဖြစ် ဩဂုတ် ၂၇ ရက် အကြံပြုဆွေးနွေးမှုများ၌ “တိုးတက်မှုရလဒ်” အဖြစ် လွတ်လပ်သောကုန်သွယ်မှုဧရိယာ (FTA) အောက်တွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးနှင့် COVID-19 တိုက်ဖျက်ရေးဆိုင်ရာ ပူးတွဲကြေညာချက်ကို ကြိုဆိုခဲ့ကြောင်း သိရသည်။

ထို့ပြင် ရှန်ဟိုင်းမြို့တွင်  နိုဝင်ဘာလအစောပိုင်း၌ ကျင်းပမည့် တတိယမြောက် တရုတ် နိုင်ငံတကာ သွင်းကုန်ပြပွဲနှင့် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကွမ်ရှီး (ကျွမ့်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မြို့တော် နန်နင်းတွင် နိုဝင်ဘာလကုန်ပိုင်း၌ ကျင်းပမည့် ၁၇ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲများအတွက်လည်း ဝန်ကြီးများက ကြိုဆိုကြောင်း ပြောကြားခဲ့သည်။  (Xinhua)