Agriculture
မိုးယွန်းကြီးအင်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောတွင် မှတ်တမ်းမတင်ရသေးသောကြိုးကြာခေါင်းမည်း ငှက်မျိုးစိတ်သစ်တွေ့ရှိ

ရန်ကုန်၊ ဇန်နဝါရီ ၂၀ ရက် (ဆင်ဟွာ)
ပဲခူးတိုင်းဒေသကြီးရှိ မိုးယွန်းကြီးအင်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၌ မှတ်တမ်းမတင်ရသေးသည့် ကြိုးကြာခေါင်းမည်း ငှက်မျိုးစိတ်သစ်တစ်မျိုးအား ပထမဆုံးအကြိမ် တွေ့ရှိမှတ်တမ်းတင်နိုင်ခဲ့ကြောင်း မိုးယွန်းကြီးအင်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၊ အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ဆင်ဟွာသို့ ယနေ့ ဇန်နဝါရီ ၂၀ ရက်တွင်ပြောသည်။

ဒေါက်းလန်းခြေထောက်ဆောင်းခိုငှက်အားတွေ့ရစဉ် (ဓာတ်ပုံ–မိုးယွန်းကြီးအင်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၊ အုပ်ချုပ်ရေးမှူးရုံး)

မယ်ညိုငှာနေငှက်အားတွေ့ရစဉ် (ဓာတ်ပုံ–မိုးယွန်းကြီးအင်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၊ အုပ်ချုပ်ရေးမှူးရုံး)

စစ္စလီငှက်များအားတွေ့ရစဉ် (ဓာတ်ပုံ–မိုးယွန်းကြီးအင်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၊ အုပ်ချုပ်ရေးမှူးရုံး)
“ကြိုးကြာခေါင်းမဲက ကျွန်မတို့ မိုးယွန်းကြီး မှာ ပထမဆုံး လာတာဖြစ်လို့ မှတ်တမ်းသစ်ဖြစ်တာပါ။ မိုးယွန်းကြီးကို လာတဲ့ ငှက်မျိုးစိတ်ပေါင်း ၁၈၀ မှတ်တမ်းတင်ထားပြီး ဆောင်းခိုငှက်က ၃၅ မျိုးနဲ့ ၄၀ ကြားလာလေ့ရှိပါတယ်။ ကြိုးကြာခေါင်းမည်းကို ပြီးခဲ့တဲ့လကမှ ကျွန်မတို့ တွေ့တာဖြစ်တဲ့ အတွက် လေ့လာစောင့်ကြည့်မှု တွေကိုဆက်ပြီး ဆောင်ရွက်နေတယ်။’’ ဟု မိုးယွန်းကြီးအင်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၊ အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါ ငှက်မျိုးစိတ်သစ်ကို မိုးယွန်းကြီးအင်း၏ ဆက်စပ်ဧရိယာဖြစ်သော လယ်ကွင်းနှင့် ငါးကန်အနီးတွင်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယင်းငှက်မှာ တစ်ကောင်တည်းသာတွေ့ရှိရခြင်း ဖြစ်ကြောင်း ၎င်းတာဝန်ရှိသူကဆိုသည်။
ဆောင်းခိုငှက်များသည် မြန်မာနိုင်ငံသို့ အောက်တိုဘာလ နောက်ဆုံးပတ်မှ မတ်လအထိ အချို့နှစ်များတွင် ဧပြီလအထိ လာလေ့ရှိကြောင်း သိရသည်။
ကမ္ဘာ့မြောက်ဝန်ရိုးစွန်းဒေသများတွင် ရေများအေးခဲ၍ နေ့တာတိုကာ ညတာရှည်သောကြောင့် အဆိုပါငှက်များသည် ကမ္ဘာ့တောင်ခြမ်းကို ဆောင်းခိုရန် လာရောက်ခြင်းဖြစ်ကြောင်း သိရသည်။
မိုးယွန်းကြီးအင်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောသည် ငှက်များ ပျံသန်းနားခိုရာ ဧရိယာအတွင်း ကျရောက်လျက်ရှိသဖြင့် ငှက်မျိုးစိတ်များ အများဆုံးဝင်ရောက်တတ်ကြောင်း၊ ဆောင်းခိုငှက်များမှာ ဆောင်းရာသီကာလတွင် နေထိုင်ကျက်စားပြီး မတ်လနှင့် ဧပြီလတို့တွင် ၎င်းတို့ဒေသသို့ ပြန်လည်ထွက်ခွါသွားကြကြောင်း သိရသည်။ (Xinhua)