Connect with us

Myanmar

၂၀၂၁ ခုနှစ် အောက်တိုဘာ ၂၁ ရက်အထိ ပြည်သူ၊တပ်မတော်သား၊ရဲနှင့် အစိုးရဝန်ထမ်း ၁၃၃၇ ဦးသေဆုံးပြီး ၁၃၆၇ ဦး ဒဏ်ရာရရှိဟု ထုတ်ပြန်

ဆန္ဒပြပွဲများတွင်ပါဝင်ပြီး ဖမ်းဆီးထိန်းသိမ်းခံရသူများ အင်းစိန်အကျဉ်းထောင်မှ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာစဉ်(ဆင်ဟွာ)

ရန်ကုန်၊ အောက်တိုဘာ ၂၃ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံအဝှမ်း ၂၀၂၁ ခုနှစ် အောက်တိုဘာ ၂၁ ရက်အထိ ပြည်သူ၊တပ်မတော်သား၊ရဲနှင့် အစိုးရဝန်ထမ်း ၁၃၃၇ ဦးသေဆုံးပြီး ၁၃၆၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့မှ ယနေ့ထုတ်ပြန်သော တပ်မတော်နိုင်ငံတော်တာဝန်ရယူခဲ့ရပြီးနောက်ပိုင်းအခြေအနေများနှင့် အာဆီယံ အထူးကိုယ်စားလှယ်ကိစ္စနှင့်စပ်လျဉ်း၍ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဆန္ဒပြပွဲများတွင်ပါဝင်ပြီး ဖမ်းဆီးထိန်းသိမ်းခံရသူများ အင်းစိန်အကျဉ်းထောင်မှ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာစဉ်(ဆင်ဟွာ)

၂၀၂၁ ခုနှစ် အောက်တိုဘာ ၂၁ ရက်အထိ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ် ၉၈၆ ကြိမ်၊ ဗုံးခွဲတိုက်ခိုက်မှု ၂၃၄၄ကြိမ်၊ မီးရှို့ဖျက်ဆီးမှု ၃၁၂ ကြိမ် စုစုပေါင်း ၃၆၄၂ ကြိမ်ပြုလုပ်ခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုကြောင့် သာမာန်အရပ်သားပြည်သူ ၁၁၅၅ဦးသေဆုံးကာ ၇၆၅ ဦး ဒဏ်ရာရရှိခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင် တပ်မတော်သား ၇၅ဦး၊ ရဲတပ်ဖွဲ့ဝင် ၉၃ဦးနှင့် အစိုးရဝန်ထမ်း ၁၄ ဦးစုစုပေါင်း ၁၈၂ ဦးသေဆုံးကာ ၆၀၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဆက်လက်ပြီး စာသင်ကျောင်းနှင့် ပညာရေးအဆောက်အဦ ၂၅၁ လုံး မီးရှို့ဗုံးခွဲခံခဲ့ရပြီး ကားလမ်း၊ရထားလမ်းများ ၅၃၆ ကြိမ် ဖျက်ဆီးခံခဲ့ရကာ တံတား ၇၆စင်းလည်း ဖျက်ဆီးခံခဲ့ရကြောင်း၊အုပ်ချုပ်မှုအဆောက်အဦ၊ ဘာသာရေးအဆောက်အဦ၊ ဈေး၊ စက်ရုံ၊ အလုပ်ရုံနှင့် မြို့ပြအဆောက်အဦများလည်း ဖျက်ဆီးခံခဲ့ရကြောင်း သတင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် အဆိုပါ အကြမ်းဖက်မှု၊ ဆူပူမှုများတွင် လှုံ့ဆော်မှု၊ ပါဝင်မှုကြောင့် ပစ်ဒဏ်ကျခံရသူများနှင့် တရားစွဲဆိုခံထားရသူများအား လူသားချင်းစာနာထောက်ထားသော အားဖြင့် ယနေ့ထိ အမျိုးသား ၄၅၆၆၈ဦးနှင့် အမျိုးသမီး ၆၀၃၆ဦး စုစုပေါင်း ၅၁၇၀၄ ဦးတို့ကို ပြစ်ဒဏ်မှလွတ်ငြိမ်းချမ်းသာခွင့်များပေးခဲ့ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။ (Xinhua)