Connect with us

Agriculture

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် အများအပြားကျရောက်သည့်နှံကောင်များမှာ ကန္တာရကျိုင်းကောင် မဟုတ်ကြောင်းဆို 

အစက်ပြောက်နှံကောင်(သို့) ကော်ဖီကျိုင်းကောင်အားတွေ့ရစဉ် (ဓာတ်ပုံ-- MOI)

ရန်ကုန်၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ) 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် ဂွေးပဇင်ကျေးရွာအုပ်စု တောင်သူတစ်ဦး ၏ လယ်မြေမြောင်းဘောင်ရှိ နဗူးပင်များတွင် ကျိုင်းကောင်(နှံကောင်)များ အများအပြားကျရောက်နေကြောင်း နယ်မြေကွင်းတာဝန်ခံ၏ အသိပေးအကြောင်းကြားမှုအရ စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများ ကွင်းဆင်း စစ်ဆေးခဲ့ရာ အုပ်စုဖွဲ့ဖျက်ဆီးစားသောက်တတ်သော ကန္တာရကျိုင်းကောင်များ မဟုတ်ဘဲ အဝါရောင် အစက်ပြောက်နှံကောင်(သို့) ကော်ဖီကျိုင်းကောင်များဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းက ဆင်ဟွာကို ဇူလိုင် ၁၈ ရက်တွင်ပြောသည်။

ဒေါက်တာရဲတင့်ထွန်းက “တာဝန်ရှိသူတွေ သွားရောက်စစ်ဆေးတဲ့အခါ ကန္တာရကျိုင်းကောင်မဟုတ်ဘူး။ စိုးရိမ်စရာမလိုပါဘူး။ အခုထိ မြန်မာနိုင်ငံမှာ ကန္တာရကျိုင်းကောင် မတွေ့ရသေးပါဘူး။ တောင်သူတွေအနေနဲ့ နှံကောင်တွေ့ရှိမှုနဲ့ ပတ်သက်ပြီး စိုးရိမ်မှု ရှိရင် စိုက်ပျိုးရေးဦးစီးဌာနကိုအချိန်မရွေးအကြောင်းကြားလို့ ရပါတယ်။ ကျွန်တော်တို့ အမြန်ဆုံးကွင်းဆင်းဆောင်ရွက်ပေးမှာဖြစ်ပါတယ်’’ ဟုပြောသည်။ 

 ထိုသို့စစ်ဆေးခြင်းကို  ဇူလိုင် ၁၇ ရက်တွင် စိုက်ပျိုးရေးဦးစီးဌာန၊ မင်းဘူးခရိုင် နှင့် စလင်းမြို့နယ် မှတာဝန်ရှိသူများ ဒေသခံတောင်သူများ ပူးပေါင်း၍ စစ်ဆေးမှုအရ တောင်သူများစိုးရိမ်နေသည့် အုပ်စုဖွဲ့ဖျက်ဆီးစားသောက်တတ်သော ကန္တာရကျိုင်းကောင်များ မဟုတ်ဘဲ နိုင်ငံအတွင်း ယခင်ကတည်းက ရှိခဲ့သော အဝါရောင် အစက်ပြောက်နှံကောင်(သို့) ကော်ဖီကျိုင်းကောင်များဖြစ်ကြောင်းသိရသည်။ 

အဆိုပါကျိုင်းကောင်များမှာ နှစ်စဉ်နှစ်တိုင်းတွေ့ရှိရခြင်းမျိုးမဟုတ်ဘဲ ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်ကြောင့် ပေါက်ဖွားနှုန်းများပြားလာခြင်းဖြစ်ကြောင်း၊ ယခုဇူလိုင်လ ၄ ရက် က မကွေးမြို့နယ် ကြူချောင်းကျေးရွာတွင်တွေ့ခဲ့သော ကျိုင်းကောင်အမျိုးအစားနှင့် တူညီကြောင်း၊ သီးနှံပင်အတော်များများတွင် ကျရောက်တတ်ပြီး တစ်လခန့်အကြာတွင် ပျောက်ကွယ် သွားတတ်ကြောင်း၊ ယခုကျရောက်နေသော  မြောင်းဘောင် နဗူးပင်များတွင် ခိုအောင်းစားသောက်နေထိုင်ပြီး သီးနှံစိုက်ပျိုးချိန်တွင် ပြောင်းရွှေ့ကျရောက်နိုင်ခြင်းကြောင့် လက်ခံလွှဲပင်များ ရှင်းလင်းစေခြင်း၊ သင့်လျော်သော ထိသေစားသေနှင့် ပင်လုံးပြန့်အာနိသင်ရှိသည့် ပိုးသတ်ဆေးတစ်မျိုးမျိုးကိုသာ အလှည့်ကျအသုံးပြု၍ လိုအပ်သောကာကွယ် နှိမ်နင်းရေးများ ပြုလုပ်ရန် တောင်သူများအား ဆွေးနွေးပြောကြားပြီးလက်တွေ့ နှိမ်နင်းပက်ဖျန်းစေခဲ့ကြောင်းနှင့် မည်သည့်သီးနှံ အဖျက်ပိုးကိုမဆို တွေ့ရှိက စိုက်ပျိုးရေးဦးစီးဌာနထံ အသိပေးအကြောင်းကြားရန် ဆွေးနွေးပြောကြားခဲ့ကြောင်း  စိုက်ပျိုးရေးဦးစီးဌာန မှ သိရသည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.