Connect with us

Culture & Entertainment

ဟန်လင်းမြို့ဟောင်းတွင် ဟန်လင်းပျူခေတ်လက်ရာ ရုပ်ကြွတစ်ခု တူးဖော်ထိန်းသိမ်းမှု ၉၀ ရာခိုင်နှုန်းပြီးစီး

ဟန်လင်းမြို့ဟောင်း၌ တူးဖော်ထိန်းသိမ်းမှု ပြုလုပ်နေသည့် ရုပ်ကြွအား တွေ့ရစဉ်(ဓာတ်ပုံ -Department of Archaeology and National Museum)

ရန်ကုန် ၊ နိုဝင်ဘာ ၁၆ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန်

စစ်ကိုင်းတိုင်း ဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက် မြို့နယ်တွင် တည်ရှိပြီး ကမ္ဘာ့အမွေအနှစ်စာရင်းဝင် မြို့ဟောင်း တစ်မြို့ ဖြစ်သည့် ဟန်လင်းမြို့ဟောင်းတွင် တူးဖော်ထိန်းသိမ်းလျက်ရှိသည့် ဟန်လင်းပျူခေတ်လက်ရာ ဖြစ်သည့် ပျူခေတ်နဂါးရုပ်များဖြင့်တန်ဆာဆင်ထားသော ဒွါရပါလ(တံခါးစောင့်နတ်ရုပ်) ရုပ်ကြွတစ်ခုအား တူးဖော်ထိန်းသိမ်းမှုမှာ ၉၀ ရာခိုင်နှုန်းပြီးစီးနေပြီ ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ကမ္ဘာ့အမွေအနှစ်ဒေသများဌာနခွဲ ဟန်လင်းဌာနစုမှ ဒုတိယညွှန်ကြားရေးမှူး ဦးကြည်ခင်က ဆင်ဟွာသို့ ယနေ့ ပြောကြားခဲ့သည်။

ဟန်လင်းပျူခေတ်လက်ရာ ဖြစ်သည့် ရုပ်ကြွတစ်ခုအား ၂၀၁၅-၂၀၁၆ ခုနှစ်က တူးဖော်ဆောင်ရွက် ခဲ့သော ဟန်လင်း ကမ္ဘာ့ အမွေအနှစ်ဒေသရှိ ကုန်းအမှတ်(၃၉)ဟန်လင်းနန်းတော် အရှေ့ဘက် ဝင်ပေါက်နေရာနှင့် ဝင်ပေါက်၏အတွင်း အပြင် တွင် အုတ်ကြမ်းခင်းများ၊ ယင်းအပေါ်တွင် အရွယ်အစားမတူညီသော ကျောက်တုံးအမျိုးမျိုး နှင့် အလျား (၁၂)ပေ၊ အနံ (၆)ပေခန့်ရှိသည့် သဲကျောက်တုံးကြီးအား အက်ကွဲ ရာများနှင့်တကွ တူးဖော် တွေ့ရှိခဲ့ရကြောင်း သိရသည်။

ဟန်လင်းမြို့ဟောင်း၌ တူးဖော်ထိန်းသိမ်းမှု ပြုလုပ်နေသည့် ရုပ်ကြွအား တွေ့ရစဉ်(ဓာတ်ပုံ -Department of Archaeology and National Museum) 

အဆိုပါသဲကျောက်တုံးကြီးမှ ပြုတ်ထွက်လာသော အပိုင်းအစငယ် တချို့တွင် ကနုတ်ပန်းသဏ္ဍာန် အကွေးအဝိုက်များ ထွင်းထုပါရှိသည့်အထောက် အထားများအရ အခြား ပျူမြို့ဟောင်းများဖြစ်သော ဗိဿနိုးနှင့် သရေခေတ္တရာမြို့ဟောင်းတို့၏ နန်းတော် ဝင်ပေါက် တူးဖော်မှုကုန်းများဖြစ်သည့်KKG-(8) နှင့် HMA- (24) တို့မှ တူးဖော်တွေ့ရှိ ရသည့် ဒွါရပါလ(တံခါးစောင့်နတ်ရုပ်) ရုပ်ကြွ တစ်ခု(သို့မဟုတ်) ကျက်သရေမင်္ဂလာ အမှတ်အသား တစ်ခုခု ကို ကနုတ် ပန်းများဖြင့် တန်ဆာဆင်ထွင်းထုထားခြင်းလည်း ဖြစ်နိုင်သည်ဟု ခန့်မှန်း ခဲ့ကြကြောင်း သိရသည်။

ယင်းသဲကျောက်တုံးကြီးမှာ မှောက်လျက်အနေအထားဖြင့် အစိတ်စိတ် အမွှာမွှာ ကွဲကြေ နေသဖြင့် ပြည်တွင်းပြည်ပ ကျွမ်းကျင်ပညာရှင်အဖွဲ့ များ၏ အကူအညီဖြင့် အနုစိတ် တူးဖော်မှသာ မပျက်မစီးဖော်ထုတ် နိုင်မည် ဖြစ်သည့်အတွက် ဆက်လက်တူးဖော် ထိန်းသိမ်းခြင်း လုပ်ငန်း များ မဆောင်ရွက်ခဲ့ဘဲ မူလနေရာတွင် ယာယီအမိုးအကာဖြင့်အဆောက် အအုံ ဆောက်လုပ်၍ ထိန်းသိမ်း ထားရှိခဲ့ကြောင်း ၊ အဆိုပါသဲကျောက်တုံးကြီးသည် အချိန်ကာလကြာမြှင့်လာသည်နှင့်အမျှ ရာသီဥတုဒဏ် နှင့် အခြားအင်းစပ်ပိုးမွားများဒဏ် စသည့် သဘာဝဘေး အန္တရာယ်ဒဏ်များကြောင့် ပျက်စီးမှုများ ထိန်းသိမ်းမှုများ ဆောင်ရွက်ရန် လိုအပ်လာသဖြင့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန နှင့် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ တို့ ပူးပေါင်းကာ ကမ္ဘာ့အမွေအနှစ်ဒေသများဌာနခွဲ၊ ဟန်လင်း ဌာနစု၊ သုတေသနလုပ်ငန်းအဖွဲ့ ကြီးကြပ်မှုဖြင့် လုပ်ငန်းခွင်အနီး ယာယီ အလုပ်ရုံဆောက်လုပ်၍ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ ၁၂ ရက်မှ စတင်ပြီး နေ့စဉ်ပြန်လည် တူးဖော်ခြင်း၊ ဓာတုဗေဒဆေးများဖြင့် ရှေးဟောင်းသုတေသနဆိုင်ရာ ထိန်းသိမ်းခြင်းတို့ကို ပျက်စီးမှုနည်းနိုင် သမျှနည်းပါးအောင် ဂရုတစိုက် ထိန်းသိမ်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အလျား (၁၂)ပေ၊ အနံ(၆)ပေခန့်၊ ထု ၁ ပေခွဲခန့်ရှိသော သဲကျောက်တုံး ကြီး၏ မျက်နှာပြင် တစ်ဘက်တွင် လက်ရာမြောက်စွာထွင်းထုထားသော ဒွါရပါလ (တံခါးစောင့်နတ်ရုပ်) ရုပ်ကြွကြီး တစ်ခု အစိတ်အပိုင်း အစုစုကို ပြန်လည်ဆက်စပ် ထိန်းသိမ်းထားခဲ့ပြီး ထွင်းထုထားသော ရုပ်ကြွကြီးမှာ ခြေဖနောင့်မှအထက် ဦးခေါင်းအထိ (၉)ပေခန့်ရှိသော တင်းပုတ်ကိုင် မတ်ရပ် အနေအထား ဖြစ်သည့် ရုပ်တုတစ်ခုကို ဆက်စပ်၍ ထိန်းသိမ်းမှု ဆောင်ရွက်ခဲ့ပြီး ဖြစ်ကြောင်း ၊ ထွင်းထုခဲ့သည့် ဟန်လင်းပျူခေတ် ကျောက်ဆစ်ပညာရှင်များ၏အနုပညာ လက်ရာ မြောက်စွာ ဖန်တီးပုံဖော်နိုင်မှုသည် သမိုင်းတင်ခေတ်ဦးကာလ ယဉ်ကျေးမှု၌ မြန်မာ့ရှေးဟောင်း မြို့တော်ဖြစ်သည့် ဟန်လင်း တွင် အနုပညာနှင့် ဗိသုကာအတတ်ပညာများ ထွန်းကားခဲ့ကြောင်းကို စစ်မှန် သောသက်သေ ခိုင်လုံမှုအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပြီး ဒေသအတွက်၊ နိုင်ငံတော်အတွက် ဝမ်းသာဂုဏ်ယူ တန်ဖိုးထားထိုက်သည့် တူးဖော် သုတေသနတွေ့ရှိချက်နှင့် စနစ်တကျ ဆက်စပ် ထိန်းသိမ်းမှု တစ်ခုပင်ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ထုတ်ပြန်ခဲ့သည်။

ယခုအခါ ထိန်းသိမ်းရေးလုပ်ငန်းများ (၉၀)ရာခိုင်နှုန်းခန့် ပြီးစီး အောင်မြင်နေပြီဖြစ်ပြီး လုပ်ငန်းများကို နိုဝင်ဘာလကုန်ခန့်တွင် အပြီးသတ် ဆောင်ရွက်မည် ဖြစ်ကြောင်း နှင့် ထိန်းသိမ်းရေးလုပ်ငန်း များ ပြီးစီးပါက ဟန်လင်းရှေးဟောင်း သုတေသန ပြတိုက်တွင် ပြတိုက်နှင့် တွဲဆက်၍ သီးသန့်အဆောင်တစ်ခု ပြုလုပ်ကာ အများပြည်သူလေ့လာနိုင်စေရန် ထားရှိပြသ သွားမည်ဖြစ်ပြီး၊ မူလတွေ့ရှိ သည့်နေရာ၌လည်း ပုံစံတူတစ်ခုပြုလုပ်ကာ ထားရှိပြသသွားမည် ဖြစ်ကြောင်း သိရသည်။ကမ္ဘာ့အမွေအနှစ်ဒေသ များ ဖြစ်သည့် ဟန်လင်း၊ ဗိဿနိုးနှင့် သရေခေတ္တရာ ပျူမြို့ဟောင်း တို့သည် ၂၀၁၄ ခုနှစ် ၊ ဇွန်လ ၂၂ ရက်တွင် ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ပျူမြို့ဟောင်းများအဖြစ် သတ်မှတ်ခြင်းခံရကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.