Connect with us

Culture & Entertainment

COVID-19 ကန့်သတ်ချက်များ ဖြေလျှော့၍ ပုဂံဒေသရှိ ဘုရားများပြန်လည်ဖူးမျှော်ခွင့်ပေးပါက အသင့်ဖြစ်စေရန် ကြိုတင်ပြင်ဆင်ထားကြောင်းဆို

ပုဂံဒေသတွင် နွားလှည်းဖြင့်သွားလာနေကြသည့် နိုင်ငံခြားသားဧည့်သည်တချို့အားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ နိုဝင်ဘာ ၂၁ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

COVID-19 ရောဂါအခြေအနေကြောင့် လက်ရှိအချိန်တွင် ပုဂံဒေသရှိဘုရားများအား ဖူးမျှော်ခွင့်ပိတ်ထားသော် လည်း ကန့်သတ်ချက်များ ပြန်လည်ဖြေလျှော့၍ ဘုရားများပြန်လည်ဖူးမျှော်ခွင့်ပေးပါက အဆင်သင့်ဖြစ်စေရန် စီမံချက်များရေးဆွဲ၍ ကြိုတင်ပြင်ဆင်ထားကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ပုဂံဌာနခွဲ မှ ညွှန်ကြားရေးမှူး ဒေါက်တာသန်းထိုက်က ဆင်ဟွာသို့ နိုဝင်ဘာ ၂၁ ရက်တွင်ပြောသည်။

“ဂေါပကရှိတဲ့ဘုရားက ခရိုင်စီမံခန့်ခွဲမှုကော်မတီ အနေနဲ့တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ညွှန်ကြားချက်အရ COVID-19 စည်းကမ်းချက်နဲ့အညီ ပြန်ဖွင့်ဖို့ စီမံချက်ရှိပြီးသားပါ။ ကျွန်တော်တို့ဌာနက ထိန်းသိမ်းထားတဲ့ ဂေါပကမရှိတဲ့ဘုရားတွေကတော့ ဘုရားလုံခြုံရေးဝန်ထမ်း၊ဘုရားစောင့်တို့ တာဝန်ကျဝန်ထမ်းတွေက COVID စည်းကမ်းချက်နဲ့အညီ ပြန်လည်ဖွင့်ရင် ဘုရားဝင်ဖူးတဲ့အခါ COVID စည်းကမ်းနဲ့ အညီ လူဦးရေကန့်သတ်ချက် နဲ့ ဝင်ဖူးဖို့ စီမံချက်တွေလုပ်ထားတာရှိပါတယ်။’’ ဟု ၎င်းကဖြည့်စွက်ပြောကြားသည်။

ယနေ့ နိုဝင်ဘာ ၂၁ ရက်အထိ ဘုရားများပြန်လည်ဖွင့်လှစ်ရန် ညွှန်ကြားချက်မရှိသေးကြောင်း၊ သို့သော် ဖြေလျှော့မှုပေးပါက အဆင်သင့်ဖြစ်စေရန်ကြိုတင်ပြင်ဆင်ထားခြင်းဖြစ်ကြောင်းဆိုသည်။

တန့်ကြည်တောင်ဘက်မှ ဧရိယာအပါ ပုဂံဒေသတွင် စေတီ၊ ပုထိုးပေါင်း ၃,၈၃၇ ဆူ ရှိကြောင်း၊ အဆိုပါစေတီ၊ပုထိုးများထဲမှ အဆူ ၂၀ အား ဂေါပကမှ စောင့်ရှောက်ထိန်းသိမ်းထားပြီး ကျန် စေတီ၊ ပုထိုးများအား သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ပြုပြင်ထိန်းသိမ်းစောင့်ရှောက်လျက်ရှိကြောင်း သိရသည်။

“လက်ရှိမှာ ဘုရားတွေ မဖွင့်သေးဘူး။ ညွှန်ကြားချက် ရတာနဲ့ ဖွင့်လှစ်ဖို့ အဆင်သင့်ပြင်ဆင်ထားပါတယ်။ ပုဂံဒေသ အနီးတစ်ဝိုက်က လူတွေမှာတော့ COVID-19 ပိုးတွေ့တာတွေရှိတယ်။ ပုဂံဒေသက လူတွေကတော့ ပိုးတွေ့တာ သိပ်မရှိဘူး။ COVID အနေအထားက ဘယ်လောက်ကြာမလဲမသိဘူး။ ဒီကာလမှာ ခရီးသွားလာချင်ရင်တော့ COVID ညွှန်ကြားချက်နဲ့ အညီသွားလာနိုင်ရင် အဆင်ပြေမယ်လို့ ကျွန်တော်ထင်ပါတယ်။’’ ဟု ဒေါက်တာသန်းထိုက်က ဆက်ပြောသည်။

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသည် ကမ္ဘာလှည့်ခရီးသွားများ၊ ပြည်တွင်းခရီးသွားများဖြင့် စည်ကားသည့် နယ်မြေဖြစ်ပြီး ဒေသခံအများစုသည် ခရီးသွားလုပ်ငန်းမှ ဝင်ငွေရှာကြကြောင်း၊ သို့သော် ၂၀၂၀ပြည့်နှစ်တွင် COVID-19 ရောဂါကြောင့် ပုဂံဒေသသည် စီးပွားရေးများအေးစက်လျက်ရှိကြောင်း သိရသည်။

Stay at Home သတ်မှတ်ထားခြင်း မရှိသော တိုင်းဒေသကြီး/ပြည်နယ်များမှ တန်ခိုးကြီးဘုရား၊ ပုထိုး ၊ စေတီများအား နေ့စဉ်နံနက်တစ်ကြိမ်၊ နေ့လယ်တစ်ကြိမ် လူဦးရေ ကန့်သတ်ချက်ဖြင့် ဖူးမြော်ခွင့် ပြုနိုင်ရေး၊ နိုဝင်ဘာလနောက်ဆုံးပတ်အတွင်း COVID-19ရောဂါကူးစက်ပျံ့နှံ့မှုအပေါ် မူတည်၍ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး / ပြည်နယ်များမှ Stay at Home သတ်မှတ်ထားခြင်း မရှိသော မြို့နယ်များရှိ ဘုရား၊ ပုထိုး၊ စေတီများ ဖူးမြော်ခွင့်နှင့် ဘုန်းကြီးကျောင်း၊ ဗလီ၊ Church ကျောင်းများတွင် ဉပုသ်သီလဆောက်တည်ခြင်း၊ ဝတ်ပြုဆုတောင်းခြင်းများ တစ်လလျှင် လေးကြိမ် လူဦးရေ ၃၀ ထက် မပိုဘဲ ခွင့်ပြုနိုင်ရန် ကြိုတင်ပြင်ဆင်ထားရှိရေးနှင့် COVID-19 ရောဂါ ဖြစ် ပွားမှုအပေါ် မူတည်၍ ချက်ချင်း ပြန်လည်ရပ်ဆိုင်းရန် စီစဉ်ဆောင်ရွက်ထားရှိရေး တို့နှင့်ပတ်သက်၍ နိုဝင်ဘာ ၁၇ ရက်တွင်ပြုလုပ်ခဲ့သည့် Coronavirus Disease 2019 (COVID – 19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီအစည်းအဝေးတွင် ဆွေးနွေးခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.