Connect with us

Culture & Entertainment

ရခိုင်ပြည်နယ်၌ မွေးဖွားလာသော ဆင်ထီးကလေးသည် ဆင်ဖြူတော်ကြန်အင်လက္ခဏာ ၇ချက်ဖြင့် ကိုက်ညီသောကြောင့် ဆင်ဖြူတော်အဖြစ် သတ်မှတ်

ရခိုင်ပြည်နယ်၌ ဆင်ဖြူတော်ကြန်အင်လက္ခဏာ ၇ချက်ဖြင့် ကိုက်ညီသော ဆင်ဖြူတော်အား တွေ့ရစဉ် (ဓာတ်ပုံ - နစက)

ရန်ကုန်၊ ဩဂုတ် ၂ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်ရှိ မြန်မာ့သစ်လုပ်ငန်းမှ ထိန်းကျောင်းထားရှိသော ဆင်ဝိုင်းမှ ဩဂုတ် ၂၃ ရက် နံနက်ပိုင်းက မွေးဖွားလာသော ဆင်ထီးကလေးသည် ဆင်ဖြူတော်ကြန်အင်လက္ခဏာ ၇ ချက်ဖြင့် ကိုက်ညီသောကြောင့် ဆင်ဖြူတော်အဖြစ် သတ်မှတ်လိုက်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သော သတင်းအရ သိရသည်။အဆိုပါ ဆင်ထီးကလေးသည် ဆင်ဖြူတော်ဟုခေါ်ဆိုရသည့်ကြန်အင်လက္ခဏာ၈ ချက်အနက် ၇ ချက်နှင့် ကိုက်ညီသော ဆင်ထီးကလေးဖြစ်ပြီး ယခင်ပေါ်ထွန်းခဲ့သော ဆင်ဖြူတော် ၉ စီး၌ ပထမဆုံးပေါ်ထွန်းခဲ့သော ဆင်ဖြူ ၁ စီးသာလျှင် ကြန်အင်လက္ခဏာ ၇ ချက်နှင့် ကိုက်ညီခဲ့ပြီး ကျန် ၈ စင်းသည် အများဆုံး ၆ ချက်သာ ကိုက်ညီကြောင်း စိစစ်တွေ့ရှိကြောင်း သိရသည်။

လက်ရှိ ရခိုင်ပြည်နယ်တွင် ထပ်မံပေါ်ထွန်းသော အဆိုပါ ဆင်ဖြူတော် တစ်စီးသည် ဆင်ဖြူတော်ကြန်အင်လက္ခဏာဖြစ်သော မျက်လုံးပုလဲရောင်ဖြစ်ခြင်း၊ ကျောကုန်းတွင် ငှက်ပျောကိုင်းပုံစံဖြစ်ခြင်း၊ အမွေးအဖြူရောင်ဖြစ်ခြင်း၊ အမြီးတံခါးပိတ်ဖြစ်ခြင်း၊ အရေပြားမှာ ဩဇာကွက်ဖြစ်ခြင်း၊ အသားအရေပန်းရောင်ဖြစ်ခြင်း၊ ခြေဖဝါးတွင် ရှေ့ခြေသည်း ၅ခုစီနှင့် နောက်ခြေသည်း ၄ ခုစီပါခြင်းနှင့် နားကြီးခြင်း စသည့် လက္ခဏာ ၇ ချက်ဖြင့် ကိုက်ညီကြောင်း သိရသည်။

ဆင်ဖြူတော်သည် အရပ်အမြင့် ၂ပေ ၅လက်မ၊ ကိုယ်လုံး လုံးပတ် ၃ပေ ၁လက်မ၊ ကျောအလျား ၂ပေ၊ အမြီးအလျား ၁ပေ ၆လက်မနှင့် မွေးဖွားစ ကိုယ်အလေးချိန် ၁၈၀ ပေါင်ခန့်ရှိကြောင်း ၊ လက်ရှိတွင် မိခင်ဆင်မကြီးနှင့် အတူ ကျန်းမာပျော်ရွှင်စွာရှိကြောင်း သိရသည်။(Xinhua)