Connect with us

Education & Health

ဆေးရုံများတွင် စောင့်ကြပ်ကြည့်ရှုကုသမှုခံယူနေသူများအနက် လူနာ ၆ ဦးတွင် ကိုရိုနာဗိုင်းရပ်(စ်)ရောဂါပိုး မရှိဟု ဝန်ကြီးဌာန ထုတ်ပြန်

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ခရီးသည်များအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၁ ရက်(ဆင်ဟွာ)

ဆေးရုံများတွင် စောင့်ကြပ်ကြည့်ရှုကုသမှုခံယူနေသော လူနာများအနက် လူနာ ၆ ဦး၏ ဓာတ်ခွဲအဖြေများတွင် 2019 Novel Coronavirus ဗိုင်းရပ်(စ်)ရောဂါပိုး မရှိကြောင်း ရည်ညွှန်းဓာတ်ခွဲခန်းမှ ပြန်ကြား လာခဲ့ကြောင်း ယနေ့ နံနက်ပိုင်းတွင် ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနမှ နေလည်ပိုင်း သတင်း ထုတ်ပြန်ချက် အရ သိရသည်။

ယနေ့ ဖေဖော်ဝါရီ ၁၁ ရက် နံနက် အထိ ဆေးရုံအသီးသီးတွင် သံသယလူနာ (၁) ဦးအပါအဝင် လူနာ (၂၀) ဦး ကို စောင့်ကြပ်ကြည့်ရှု ကုသမှုပေးခဲ့ရာမှ အဆိုပါ လူနာများ အနက် ၆ ဦးမှာ ရောဂါပိုး မရှိကြောင်း ပြန်ကြားလာခဲ့သည်ဟု ဝန်ကြီးဌာနက ဆိုသည်။

ယင်းလူနာ ၆ ဦးမှာ ရန်ကင်းကလေးဆေးရုံမှ အသက်(၂၄) နှစ်အရွယ် အမျိုးသမီးတစ်ဦး ၊ အသက်(၂) နှစ်အရွယ် ကလေး (ကျား) တစ်ဦး ၊ နမ္မတူမြို့နယ်ဆေးရုံမှ အသက်(၄၅)နှစ်အရွယ် အမျိုးသားတစ်ဦး ၊ ဝေဘာဂီ အထူးကုဆေးရုံကြီးမှ အသက်(၂၈)နှစ်အရွယ် အမျိုးသားတစ်ဦး ၊ လပွတ္တာပြည်သူ့ဆေးရုံမှ အသက် (၃၃)နှစ်အရွယ် အမျိုးသမီးတစ်ဦး ၊ အသက် (၅၁)နှစ်အရွယ် အမျိုးသားတစ်ဦးတို့ ဖြစ်ကြောင်း သိရသည်။ 

ထို့အတူ သက်ဆိုင်ရာဆေးရုံများတွင် စောင့်ကြပ်ကြည့်ရှုကုသမှုခံယူနေသော ကျန်လူနာများ၏ဓါတ်ခွဲ စစ်ဆေးမှု အဖြေသတင်းများရရှိပါက ဆက်လက်ထုတ်ပြန်ပေးသွားမည် ဖြစ်ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။(Xinhua)