Connect with us

Education & Health

မြန်မာနိုင်ငံ၌ ကိုရိုနာ ဗိုင်းရပ်စ် စစ်ဆးအတည်ပြုမှု ဖေဖော်ဝါရီ ၁၉ ရက်တွင် စတင်နိုင်မည်ဟု ဆို

ပြည်သူ့ လွှတ်တော် ဥက္ကဌ ဦးတီခွန်မြတ် ကြွရောက်လာစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၁ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ် စစ်ဆးအတည်ပြုမှုအား လာမည့် ဖေဖော်ဝါရီ ၁၉ ရက်တွင် စတင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက ပြည်သူ့လွှတ်တော်ယနေ့ အစည်းအဝေးတွင် ပြောကြားခဲ့သည်။

 “ဖေဖော်ဝါရီ ၁၉၊ ၂၀ ၊ ၂၁ မှာ ကျွန်တော်တို့နိုင်ငံမှာ ဒီရောဂါ ဟုတ် မဟုတ်ဆိုတာ စမ်းလို့ ရပါပြီ၊ ဒီဟာကလည်း နောက်မကျပါဘူး၊ ကျွန်တော်တို့ အမျိုးသား ဓာတ်ခွဲခန်းမှာ ရှိတဲ့ ဒုတိယ ညွှန်ကြား ရေးမှူးချုပ် ကအစ ညွှန်ကြားရေးမှူးတွေက ကမ္ဘာ အရပ်ရပ်မှာ ရှိတဲ့ ဒီစင်တာတွေနဲ့အမြဲ ဆက်သွယ် ထိတွေ့နေပြီး နောက်ဆုံးအခြေအနေတွေနဲ့ update ဖြစ်အောင် နောက်မကျအောင် အမြဲ လုပ်ပါတယ်၊ လက်ရှိမှာတော့ တစ်ကမ္ဘာလုံးမှာ လုပ်နိုင်တဲ့ နေရာ ၁၅ နေရာပဲရှိပါတယ်၊ တရုတ်၊ ဂျပန်၊ ဂျာမနီ၊ တောင်အာဖရိက၊ ထိုင်း၊ အိန္ဒိယ၊ စင်ကာပူ၊ ဆင်နီဂယ်၊ ပဲရစ်၊ ယူကေ၊ ရုရှား၊ ယူအက်စ်အေ၊ သြ စတြေးလျ စတဲ့ ဒီနိုင်ငံတွေပဲ ဖြစ်ပါတယ်၊ ကျွန်တော်တို့နိုင်ငံမှာ မကြာခင် လုပ်နိုင်ပါပြီ၊ စလုပ်တဲ့အခါမှာ နမူနာကို အဲဒီ ၁၅ နိုင်ငံထဲက တစ်နိုင်ငံကို ပေးရပါမယ်၊ ကျွန်တော်တို့ဟာ မှန်လား မှားလား ဆိုတာ Checking လုပ်တဲ့သဘောပါ၊ ဒါကလည်း စလုပ်တဲ့ နိုင်ငံတွေအတွက် ထုံးစံပါ၊ cross checking လုပ်တာပါ” ဟု ပြည်ထောင်စု ဝန်ကြီးက ပြောကြားခဲ့သည်။

ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေး ဖြေကြားနေစဉ် (ဆင်ဟွာ)

 

ဒလ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ စိန်မြအေး မေးမြန်းနေစဉ် (ဆင်ဟွာ)

ထို့ပြင် ကျန်းမာရေးဝန်ကြီးက မိမိတို့ ဝန်ကြီးဌာနအနေဖြင့် ကိုရိုနာ ဗိုင်းရပ်ရောဂါ နှင့် ပတ်သက်ပြီး လုံး၀ မပေါ့ဘဲ အသေအချာကိုင်တွယ် ဆောင်ရွက်လျက်ရှိကြောင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဇန်နဝါရီ ၃၀ ရက်တွင် ထုတ်ပြန်ခဲ့သည့် လုပ်ဆောင်ရမည့် အချက် ခြောက်ချက် အတိုင်း စနစ်တကျ စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံအစိုးရ အနေဖြင့် အဆိုပါ ကိစ္စအတွက် အရေးပေါ် ရန်ပုံငွေ ကျပ် သိန်း သုံးထောင် လျာထားကြောင်း၊ လေဆိပ်များ၊ ကုန်းလမ်း ဝင်ပေါက် ထွက်ပေါက်များတွင် ကြပ်မတ် စိစစ်ရေးအတွက် အားဖြည့် ဆောင်ရွက်လျက် ရှိကြောင်း၊ ဟိုတယ်နှင့် ခရီးသွား ဝန်ကြီး ဌာနကိုလည်း အထူး မေတ္တာရပ်ခံ ပြီး ပူးပေါင်း ဆောင်ရွက်လျက် ရှိကြောင်း၊ မိမိတို့နိုင်ငံတွင် အဆိုပါ ရောဂါဖြင့် သေဆုံးသူ တစ်ဦးမျှ မရှိကြောင်း၊ သို့ရာတွင် ၁၄ ရက်မှ သိနိုင်သော ရောဂါဖြစ်သော ကြောင့် စိုးရိမ်စရာ အခြေ အနေဖြစ်ကြောင်း၊ ရောဂါ ဖြစ်လာပါက ချက်ချင်း ကုသနိုင်ရန်လိုကြောင်း၊ ကြောက်ရွံ့ပြီး ဟို သည် ရှောင်ပြေးခြင်းမျိုး မလုပ်ကြရန် ပြောလိုပါကြောင်း၊  ပြည်သူများအား ကျန်းမာရေး အသိပညာပေးမှုက အရေး ကြီး သဖြင့် ထိုအချက်ကိုလည်း အဓိကထား ဆောင်ရွက် လျက်ရှိ ကြောင်း၊ တိုင်းနှင့် ပြည်နယ် များ ရှိ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနများနှင့် တိုင်းနှင့်ပြည်နယ် အစိုးရအဖွဲ့များ၏ လုပ်ဆောင်ချက် များမှာ အားရကျေနပ်ဖွယ်ရာ တွေ့ရကြောင်း၊ ယခုအတိုင်း ဆက်ပြီး စနစ်တကျ ပူးပေါင်း ဆောင်ရွက် သွားပါက အခြေအနေ ကောင်းမည်ဟု ထင်မြင်ပါကြောင်း လည်း ပြောကြား ခဲ့သည်။  (Xinhua)