Connect with us

Education & Health

နိုင်ငံ တစ်ဝန်း ရာသီ တုပ်ကွေး ရောဂါကြောင့် သေဆုံးသူ ၂၉ ဦးရှိ

ရာသီတုပ်ကွေးရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းနှင့် ကာကွယ်ထိန်းချုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းတင်ပြမှု အစည်းအဝေး ကျင်းပစဉ်(ဓာတ်ပုံ - Ministry of Health and Sports, Myanmar)

ရန်ကုန် ၊ ဇူလိုင် ၄ ရက်(ဆင်ဟွာ)

နိုင်ငံတစ်ဝန်း ရာသီ တုပ်ကွေးရောဂါ (A(H1N1)pdm 09)ကြောင့် ဇန်နဝါရီ ၁ ရက်မှ ဇူလိုင် ၄ ရက် အထိ သေဆုံးသူ ဦးရေမှာ ၂၉ ဦး ရှိကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန၏ ယနေ့ထုတ်ပြန်မှု အရ သိရသည်။

တိုင်းဒေသကြီး နှင့် ပြည်နယ် အလိုက် ရာသီ တုပ်ကွေး ရောဂါကြောင့် ရန်ကုန်တိုင်းဒေသကြီးတွင် ၂၃ ဦး ၊ ဧရာဝတီ တိုင်းဒေသကြီးတွင် ၃ ဦး ၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ၂ ဦး ၊ မွန်ပြည်နယ်တွင် ၁ ဦး သေဆုံးခဲ့ကြောင်း ဝန်ကြီးဌာန၏ စာရင်းဇယား အချက်အလက်များ အရ သိရသည်။

ရာသီတုပ်ကွေးရောဂါကြောင့် ဇန်နဝါရီ ၁ ရက်မှ ဇူလိုင် ၄ ရက် အထိ ဓာတ်ခွဲ စစ်ဆေးသူ ၄၀၂ ဦးတွင် ရာသီတုပ်ကွေးရောဂါပိုးတွေ့ရှိလူနာ ၁၄၁ ဦး ရှိကြောင်း သိရသည်။

ရာသီတုပ်ကွေးရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းနှင့် ကာကွယ်ထိန်းချုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းတင်ပြမှု အစည်းအဝေးအား ယနေ့ဇူလိုင် ၄ ရက်တွင် နေပြည်တော်တွင် ကျင်းပ ပြုလုပ်ခဲ့ပြီးနောက် တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ရာသီတုပ်ကွေးရောဂါ ဓာတ်ခွဲအတည်ပြု ဖြစ်ပွား/ သေဆုံးသူဦးရေစာရင်း နှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်အလိုက် ရာသီတုပ်ကွေးရောဂါ ဓာတ်ခွဲအတည်ပြု ဖြစ်ပွား/ သေဆုံးသူဦးရေစာရင်းများအား ထုတ်ပြန်ခဲ့သည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ရာသီတုပ်ကွေးရောဂါနှင့်ပတ်သက်၍ တိုင်းဒေသကြီး/ ပြည်နယ် အလိုက် ဖြစ်ပွားသူ အရေအတွက်များအား တိကျစွာစာရင်းပြုလုပ်ပြီး ဖြစ်ပွားမှုအရေအတွက် ပိုမိုသော နေရာဒေသ များတွင် မြို့နယ်အလိုက် စာရင်းဇယားများပြုစု၍ ရောဂါကာကွယ်ရေးလုပ်ငန်းများကို တိုးမြှင့် ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း အစည်းအဝေးတွင် ထည့်သွင်းပြောကြားခဲ့သည်။

ကျောင်းများ၊ အဝေးပြေးကားဂိတ်များ၊ ဘတ်စ်ကားဂိတ်များ၊ ဈေးများ စသည့် လူစည်ကားရာ နေရာများတွင် ရာသီတုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ကျန်းမာရေး အသိပညာပေး ပိုစတာများ၊ စတစ်ကာများ စသည်တို့ကို ပိုမိုတိုးမြှင့် ချိတ်ဆွဲထားရှိရမည်ဖြစ်ပါကြောင်း ၊ ရောဂါဖြစ်ပွားသူများ၏ နေအိမ်များသို့ အိမ်တိုင်ရာရောက် ကွင်းဆင်းပညာပေးဆောင်ရွက်နေမှုများ ကိုလည်း အရှိန်အဟုန်မြှင့်ဆောင်ရွက်ရမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ပြည်ထောင်စု ဝန်ကြီးက ပြည်သူလူထုအား ကျန်းမာရေးအသိပညာပေးရာတွင် ရာသီတုပ်ကွေးရောဂါကာကွယ်မှုဆိုင်ရာ မှန်ကန်သော ကျန်းမာရေးအသိပညာများ ပိုမိုကြွယ်ဝစေရန် နှင့် မလိုအပ်ဘဲ အထိတ်တလန့် မဖြစ်စေရန်တို့ကို ရည်ရွယ်၍ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ၊ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် နေ့စဉ်ဆောင်ရွက်လျက်ရှိသော သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခြင်း၊ လူနာသစ်ရှာဖွေခြင်း၊ လူနာအိမ်နှင့် အနီး ပတ်ဝန်းကျင်အိမ်များတွင် ဖျားနာ လူနာများ ရှိ/မရှိ စုံစမ်းထောက် လှမ်းခြင်း ကျန်းမာရေး အသိပညာပေးလုပ်ငန်းများဆောင်ရွက်ခြင်းနှင့် လိုအပ်ပါက ဆေးရုံသို့ ညွှန်ပို့ လွှဲပြောင်း ကုသရေးလုပ်ငန်းများအပါအဝင် တုံ့ပြန် ဆောင်ရွက်ရေးလုပ်ငန်းများကိုလည်း အရှိန်အဟုန်မြှင့် ဆောင်ရွက်ရမည်ဟု ထည့်သွင်း ပြောကြားခဲ့သည်။ (Xinhua)