Connect with us

Education & Health

ရာသီတုပ်ကွေးရောဂါ ရန်ကုန်မြို့တွင်သုံးဦးနှင့် ချင်းပြည်နယ်တွင် ၁၀ဦးဖြစ်ပွားပြီး တစ်ဦးသေဆုံးဟု ထုတ်ပြန်

နေပြည်တော်၌ပြုလုပ်သော ရာသီတုပ်ကွေး (Seasonal Flu, A/H1N1 2009) ရောဂါ စောင့်ကြပ် ကြည့်ရှု့ခြင်းနှင့် တုံ့ပြန်ဆောင်ရွက်ခြင်းဆိုင်ရာ ဗဟိုအဆင့် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပစဉ် (ဓာတ်ပုံ- ကျန်းမာရေးဝန်ကြီးဌာန)

ရန်ကုန်၊ ဇူလိုင် ၂၄ ရက် (ဆင်ဟွာ)

ရာသီတုပ်ကွေးရောဂါ (Seasonal Influenza A(H1N1)2009)သည် ရန်ကုန်တိုင်းဒေသကြီးတွင် သုံးဦး၊ ချင်းပြည်နယ် မတူပီမြို့တွင် ၁၀ဦးဖြစ်ပွားပြီး တစ်ဦးသေဆုံးခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားရေးရာဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

၂၀၁၇ခုနှစ် ဇူလိုင်လအတွင်း ချင်းပြည်နယ် မတူပီမြို့ မြို့ပေါ်ရပ်ကွက်အချို့တွင် ရာသီတုပ်ကွေးရောဂါ (Seasonal Influenza A(H1N1)2009)ကို ဓာတ်ခွဲစမ်းသပ်အတည်ပြုရာ လူနာ ၁၀ဦးဖြစ်ပွားလျက်ရှိသည်ကို တွေ့ရှိရပြီး ၎င်းတို့အနက် တစ်ဦးသေဆုံးကြောင်း သိရသည်။

အဆိုပါ ရာသီတုပ်ကွေးရောဂါလက္ခဏာများဖြင့် ဇူလိုင် ၂၂ရက်နေ့တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး(YGH) အထူးကြပ်မတ်ဆောင်တွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး၊ ရန်ကုန် အထွေထွေရောဂါကု ဆေးရုံသစ်ကြီး(NYGH) အထူးကြပ်မတ်ကုသဆောင်တွင် အမျိုးသမီးလူနာ တစ်ဦး ဆေးကုသမှုခံယူလျက်ရှိရာ ၎င်းတို့အနက် ရန်ကုန်ဆေးရုံကြီးတွင် ကုသမှုခံ ယူနေသော လူနာနှစ်ဦး၏ အခြေအနေမှာ သက်သာမှုမရှိဘဲ ရန်ကုန်အထွေထွေဆေးရုံကြီးသစ်ကြီးရှိ အမျိုးသမီးသာ အခြေအနေသက်သာကောင်း မွန်လျက်ရှိကြောင်း သိရသည်။

“၂၀၀၉ တည်းက ၂၀၁၆၊ ၂၀၁၇ ဆက်တိုက်ဖြစ်ခဲ့ပါတယ်။ သို့သော်လည်းပဲ အခုမှ လူတွေက သတိပြုမိလို့ နည်းနည်းလေး အထိတ်တလန့် ဖြစ်သွားရခြင်း ဖြစ်ပါတယ်။ အမှန်မှာတော့ တအားကြီးတော့လည်း မစိုးရိမ်ကြပါနဲ့။ လိုအပ်တဲ့ ဆောင်ရန် ရှောင်ရန်လေးတွေကို လိုက်နာဆောင်ရွက်ဖို့ပဲ ကျွန်တော်တို့ ပြောလို ပါတယ်”ဟု ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သန်းထွန်းအောင်က ယနေ့ ဇူလိုင် ၂၄ ရက်နေ့ နေပြည်တော်၌ပြုလုပ်သော ရာသီတုပ်ကွေး (Seasonal Flu, A/H1N1 2009) ရောဂါ စောင့်ကြပ် ကြည့်ရှု့ခြင်းနှင့် တုံ့ပြန်ဆောင်ရွက်ခြင်းဆိုင်ရာ ဗဟိုအဆင့် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးအပြီးတွင် သတင်းမီဒီယာအချို့ကို ဖြေကြားခဲ့သည်။

ရာသီတုပ်ကွေး (Seasonal Flu, A/H1N1 2009) ရောဂါ စောင့်ကြပ် ကြည့်ရှု့ခြင်းနှင့် တုံ့ပြန်ဆောင်ရွက်ခြင်းဆိုင်ရာ ဗဟိုအဆင့် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးအား (၂၄-၇-၂၀၁၇)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီ အချိန်၌ နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ရုံးအမှတ် (၄)၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပြီး ပြည်သူများ သတင်းအမှန်အကန်ရရှိရေးနှင့် ကြောက်လန့်မှုမရှိရေးအတွက် ဝန်ကြီးဌာနအနေဖြင့် ဆောင်ရွက်ထားမှုများအား အချိန်နှင့် တစ်ပြေးညီ သတင်းထုတ်ပြန်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားသည်။

“အခုဟာက ဝက်တုပ်ကွေးလည်း မဟုတ်ပါဘူး၊ ကြက်တုပ်ကွေးလည်း မဟုတ်ပါဘူး။ လူမှာဖြစ်သော ရာသီ တုပ်ကွေး ပြင်းထန်တဲ့ အမျိုးအစားသာ ဖြစ်ပါတယ်ခင်ဗျာ။ စောစောစီးစီးကုသမယ်၊ ကာကွယ်မယ်ဆိုရင် စိုးရိမ်စရာ မရှိပါဘူး။ပြင်းထန်တော့ ပြင်းထန်ပါတယ်။ ကျွန်တော်တို့မှာ နှစ်အလိုက်လည်း ဖြစ်တယ်ပေ့ါ။ ၂၀၀၉ ကစပြီး ဒီရောဂါပိုးက မပြတ်သေးဘူး။ တချို့ ဆရာဝန်တွေမှာလည်း ဖြစ်ပါတယ်။ H1N1 တော့ ဟုတ်တယ်။ seasonal flew ပါပဲ။ seasonal flew ထဲက ပြင်းထန်တဲ့ အမျိုးအစားဖြစ်ပါတယ်”ဟု ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန ဒုညွှန်ချုပ် ဒေါက်တာ သန်းထွန်းအောင်က ဆိုသည်။

အဆိုပါ ရောဂါပိုးနှင့် ပတ်သက်ပြီး မိုးမမိရန်၊ အအေးမမိရန် လူသိပ်များသော လူစုလူဝေးများထဲကို ရှောင်ရှားရန်၊ နှာမွှန်လျင် လက်ကိုင်ပုဝါ သုံးခြင်းနှင့် မက်စ် တပ်ဆင်ရန်၊ လက်ကို မကြာခဏဆေးရန် အဓိက ဦးစားပေးလုပ်ဆောင်ရမည်ဖြစ်ကြောင်း ၎င်းကပြောသည်။

“ဒီတုပ်ကွေးက ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေက အသေအပျောက် ရှိနိုင်ပါတယ်။ လူလတ်ပိုင်းကတော့ ဒုက္ခမရောက်နိုင်ပါဘူး။ ကလေးငယ်တွေနဲ့ အဖိုးအဖွားကြီးတွေကိုတော့ ဦးစားပေး ဆောင်ရွက်ဖို့ လိုပါတယ်” ဒေါက်တာ သန်းထွန်းအောင်က ဆိုသည်။(Xinhua)