Connect with us

Education & Health

နိုင်ငံခြားဘာသာတက္ကသိုလ်(ရန်ကုန်) ၏ အချိန်ပိုင်းသင်တန်းများကို COVID-19 ကာလအွန်လိုင်းသင်တန်းအဖြစ် ဖေဖော်ဝါရီဒုတိယပတ်တွင် စတင်သင်ကြားမည်

နိုင်ငံခြားဘာသာတက္ကသိုလ် (ရန်ကုန်) ကျောင်းဝင်ပေါက်အားတွေ့ရစဉ် (ဓာတ်ပုံ--YUFL)

ရန်ကုန်၊ ဇန်နဝါရီ ၂၇ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

နိုင်ငံခြားဘာသာတက္ကသိုလ်(ရန်ကုန်) ၏ နိုင်ငံခြားဘာသာစကားအချိန်ပိုင်းသင်တန်းများကို COVID-19 ကာလအွန်လိုင်းသင်တန်းအဖြစ် ဖေဖော်ဝါရီဒုတိယပတ်တွင် ဖွင့်လှစ်သင်ကြားမည်ဖြစ်ပြီး သင်တန်းဝင်ခွင့်လျှောက်လွှာများအား ဖေဖော်ဝါရီ ၁ ရက်တွင် ကျောင်း၏ ဝက်ဆိုက် (Website) မှတဆင့်စတင်လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံခြားဘာသာတက္ကသိုလ်(ရန်ကုန်) မော်ကွန်းထိန်း ဆရာဦးကြည်ဆွေ က “ကျွန်တော်တို့ ကျောင်းသားတွေကို စဉ်ဆက်မပြတ်သင်ကြားစေလိုတဲ့ ရည်ရွယ်ချက်ကြောင့် အခုလိုOnline Class ကို ဖွင့်လှစ်ရခြင်းဖြစ်ပါတယ်။” ဟု ဆင်ဟွာသို့ ဇန်နဝါရီ ၂၇ ရက်တွင်ပြောသည်။

အင်္ဂလိပ်ဘာသာ သင်တန်းအတွက် ဖေဖော်ဝါရီ ၁ရက်တွင် နံနက် ၉း၃၀ နာရီတွင် အွန်လိုင်းဖြင့်လျှောက်ထားရမည်ဖြစ်ကြောင်း၊ တရုတ်ဘာသာ၊ ပြင်သစ်ဘာသာ၊ ဂျာမနီဘာသာ၊ အီတာလျံဘာသာ၊ ဂျပန်ဘာသာ၊ ကိုရီးယားဘာသာ၊ ရုရှားဘာသာ၊ စပိန်ဘာသာ၊ ထိုင်းဘာသာတို့ကို တက်ရောက်မည့်သူများအနေဖြင့် ဖေဖော်ဝါရီ ၂ ရက် နံနက် ၉း၃၀ နာရီ စတင်လျှောက်ထားနိုင်မည်ဖြစ်ကြောင်း သိရသည်။

“COVID-19 ရောဂါဖြစ်ပွားတဲ့ကာလမှာ ကျောင်းဖွင့်သလို အွန်လိုင်းကနေ zoom နဲ့ သင်မယ့် ပထမဆုံး အွန်လိုင်းသင်တန်းဖြစ်ပါတယ်။ကျောင်းရဲ့ ဝက်ဆိုက်ကနေ ဝင်ခွင့်လျှောက်လွှာတွေတင်ရမယ်။ ငွေသွင်းတာတွေက အစ အွန်လိုင်းကနေ ဆောင်ရွက်ရမှာပါ’’ဟု နိုင်ငံခြားဘာသာတက္ကသိုလ် (ရန်ကုန်) ကျောင်းသားသမဂ္ဂပြန်ကြားရေးတာဝန်ခံ မသွန်းနဒီလင်းက ဆိုသည်။
“ကျောင်းရဲ့ဝက်ဆိုက်ကနေ ဝင်ခွင့်လျှောက်လွှာတင်တဲ့အခါမှာ သတ်မှတ်ကျောင်းသားဦးရေပြည့်ရင် မှတ်ပုံတင်ခွင့် ရပ်သွားမှာပါ။ YUFL တက်ချင်တဲ့ သူတွေအတွက် အွန်လိုင်းကနေ သင်တာဖြစ်တဲ့အတွက် အချိန်ကုန်သက်သာမယ်။ အမှတ်မမိရင် အွန်လိုင်းသင်တန်းဖြစ်လို့ နယ်က ကျောင်းသား၊ ကျောင်းသူတွေ အတွက်လည်း ပိုပြီးအခွင့်အရေးရသွားမှာဖြစ်ပါတယ်။’’ ဟု၎င်းကဆက်ပြောသည်။

အဆိုပါ သင်တန်းကို အခြေခံပညာအထက်တန်း အဆင့်အောင်မြင်ပြီးသူများနှင့် ဘွဲ့ရသူများ တက်ရောက် နိုင်ပြီး အသက်အရွယ်ကန့်သတ်ထားခြင်းမရှိဘဲ မည်သူမဆိုတက်ရောက်နိုင်ကြောင်း သိရသည်။ သင်တန်း ကာလမှာ ၁၀ပတ်ကြာမြင့်မည်ဖြစ်ပြီး သင်တန်းကြေး ငွေကျပ် ခြောက်သောင်းပေးသွင်း၍ တက်ရောက်နိုင် မည်ဖြစ်ကြောင်း သိရသည်။ https://chrdyufl.edu.mm တွင် ဝင်ကြည့်၍ မိမိကြိုက်နှစ်သက်ရာ အချိန်ပိုင်း သင်တန်းများအားလျှောက်ထားနိုင်ကြောင်း သိရသည်။သင်တန်းဝင်ခွင့်ရရှိသည့် အမည်စာရင်းအား ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် Website တွင် ဖေဖော်ဝါရီ ၈ ရက် နံနက် ၁၀ နာရီတွင် ကြေညာပေးမည်ဖြစ်ကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.