Connect with us

Environment, Disasters & Accidents

စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း နှင့်  ကချင်ပြည်နယ် တို့တွင် နေရာကွက်၍  မိုးကြီးနိုင်

၂၀၁၈ ခုနှစ် တွင် ကရင်ပြည်နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် ရေကြီးမှုဖြစ်ပွားခဲ့စဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ) 

စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း နှင့် ကချင်ပြည်နယ်တို့တွင် ယနေ့မွန်းတည့် ၁၂ နာရီ မှ နောက် ၄၈ နာရီအတွင်း နေရာကွက်၍ မိုးကြီးနိုင်ကြောင်း၊ စစ်ကိုင်းဒေသကြီး တွင်ချင်းတွင်းမြစ်ရေ၊ ကချင်ပြည်နယ် တွင် ဧရာဝတီမြစ်ရေ များ မြင့်တက်နေသည့် အတွက် မိုးကြီးနိုင်သည့် အချိန်တွင် မြစ်ရေကြီးမှု ဖြစ်ပွားနိုင်သည့် အတွက်၎င်းဒေသတွင် နေထိုင်ကြသော ပြည်သူများ သတိပြုနေထိုင်သင့်ကြောင်း မိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးဦးလှထွန်းက ဆင်ဟွာကို ဇူလိုင် ၁၈ ရက်တွင်ပြောသည်။

ဦးလှထွန်းက “မိုးကြီးတယ်ဆိုတာမှာ ၂၄ နာရီ အတွင်း မိုးရေချိန် ရရှိမှု က ၃ လက်မ နဲ့ အထက်ရရင် မိုးကြီးတယ်လို့ သတ်မှတ်တယ်။ စစ်ကိုင်းတိုင်းဒေသကြီး နဲ့ ကချင်ပြည်နယ် မှာက မြစ်ရေ သတိပေးချက် တွေ လည်း ထုတ်ပြန်ထားတော့ အဲ့ဒီဒေသ က ပြည်သူတွေ အနေနဲ့ အထူးဂရုပြုနေထိုင်သင့်ပါတယ်။ ရုတ်တရက် မြေပြိုခြင်းတွေ ဘေးကိုလည်း သတိပြုသင့်ပါတယ်’’ ဟုပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ကယားပြည်နယ်တို့တွင် နေရာကျဲကျဲ၊ နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း၊  ရွာရန်ရာနှုန်း(၈၀) ဖြစ်ကြောင်း ဇူလိုင် ၁၉ ရက် နံနက် အထိ ခန့်မှန်းချက် ကို မိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန က ဇူလိုင် ၁၈ ရက်ညနေ ၄ နာရီထုတ်ပြန်ချက်တွင်ပါရှိသည်။

မြန်မာ့ပင်လယ်ပြင်တွင်  လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် (၅)ပေမှ (၈)ပေခန့် ရှိနိုင်ကြောင်း သိရသည်။ 

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)တို့တွင် မိုးပိုလာနိုင်ကြောင်း သိရသည်။  (Xinhua)