Connect with us

Environment, Disasters & Accidents

ထူးခြားမိုးလေဝသ ဖြစ်စဉ်များနှင့် ပတ်သက်၍ ကြိုတင် ကာကွယ်ရေး အသိပေး နှိုးဆော်ချက် ထုတ်ပြန်

မိုးလေဝသ ဖြစ်စဉ်ပြ မြေပုံအား တွေ့ရစဉ် (ဓာတ်ပုံ-မိုးဇလ)

ရန်ကုန်၊ မေ ၃ ရက် (ဆင်ဟွာ)

မေလ ၃ ရက်မှ ၇ ရက်အထိ တိုင်းဒေသကြီးနှင့် ပြည်နယ် အများစုတွင် ထူးခြားမိုးလေဝသ ဖြစ်စဉ်များ ဖြစ်ပေါ်နိုင်သည့် အတွက် ကြိုတင်ကာကွယ်ရေး အသိပေး နှိုးဆော်ချက်အား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနမှ မေလ ၃ ရက် နေ့စွဲဖြင့် ထုတ်ပြန် လိုက်သည်။

၎င်း ထုတ်ပြန်ချက်ထဲတွင် ၂၀၁၆ ခုနှစ် မေလ ၃ ရက်မှ ၇ ရက်အထိ တိုင်းဒေသကြီးနှင့် ပြည်နယ် အများစုတွင် ထူးခြားမိုးလေဝသ ဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပြီး အဆိုပါ မိုးလေဝသ ဖြစ်စဉ်များကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးကြိုးပစ်ခြင်း စသည့် မိုးလေဝသ ဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ကြောင်း၊ သို့ဖြစ်ပါ၍ ပြည်သူလူထုများ အနေဖြင့် ယခုဖြစ်ပေါ်လျက် ရှိသော ထူးခြားရာသီဥတု ဖြစ်စဉ်များနှင့် ဆက်စပ်၍ ဖြစ်ပေါ်လာနိုင်သော လေပြင်း တိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ မိုးသီးကြွေကျခြင်း၊ မိုးကြိုးပစ်ခြင်းများနှင့် ပတ်သက်၍ အောက်ပါ အချက်များကို အထူးသတိပြု လိုက်နာ နေထိုင်ကြပါရန် အသိပေး နှိုးဆော်အပ်ကြောင်း သတင်း ထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။

မိုးသည်းထန်စွာ ရွာသွန်းခြင်းများမှတဆင့် မြစ်ရေချောင်းရေများ ရုတ်တရက် တိုးလာခြင်းများ ဖြစ်ပေါ်လာနိုင်ပါသဖြင့် မြစ်ချောင်းများ အနီးတွင် နေထိုင်ခြင်းမှ ခေတ္တရှောင်ရှားရန်၊ အလားတူပင် ရုတ်တရက် မိုးသည်းထန်ခြင်းကြောင့် တောင်ပေါ်ဒေသများ၌ မြေပြိုခြင်းများ၊ လမ်းပိတ်ဆို့မှုများ၊ လမ်းချော်မှုများ ဖြစ်ပွားနိုင်သဖြင့် တောင်တက်သမားများ၊ တောင်ပေါ်နေ ဒေသခံ ပြည်သူများ၊ ခရီးသွားများ အနေဖြင့် အထူးသတိပြု သွားလာ နေထိုင်ရန်၊ လေပြင်း တိုက်ခတ်ခြင်းများကြောင့် သစ်ပင်၊ သစ်ကိုင်းများ ကျိုးကျနိုင်ခြင်း၊ မိုးကြိုးပစ်မှတ် ဖြစ်နိုင်ခြင်းများကြောင့် သစ်ပင်ကြီးများအောက်တွင် ခိုလှုံခြင်းမှ ရှောင်ရှားရန်၊ လယ်ကွင်း၊ ကွင်းပြင်ထဲ နေထိုင်ခြင်းမှ အတတ်နိုင်ဆုံး ရှောင်ရှားရန် ၊ မဖြစ်မနေ အိမ်ပြင်သို့ ထွက်ရမည် ဆိုပါက ဆိုင်ကယ်စီး ဦးထုပ်ကဲ့သို့ ဦးထုပ်အမာများ ဆောင်းရန်၊ အဝတ်ထူများ ဝတ်ဆင်သွားရန်၊ အိမ်ထဲတွင် နေထိုင်စဉ်လည်း ခိုင်ခံံံ့သည့် အမိုးအကာအောက်တွင် တတ်နိုင်သမျှ နေထိုင်ရန်၊ နှစ်ထပ်အိမ်များ ဖြစ်ပါက အိမ်အောက်ထပ်တွင် နေရန်၊ အိမ်အမိုးများကို ခိုင်ခံ့အောင် ပြန်လည် ပြင်ဆင်ရန်၊ အိမ်မွေး တိရစ္ဆာန်နှင့် ကျွဲနွားများ အတွက်ခိုလှုံစရာ စီစဉ်ရန်၊ မိုးရွာသွန်းနေစဉ်၊ မိုးခြိမ်းနေစဉ်၊ လျှပ်စီး လက်နေချိန်များတွင် ဖုန်းများကို အသုံးမပြုသင့်ကြောင်းနှင့် တီဗွီ၊ ရေဒီယို၊ လျှပ်စစ်ထမင်းအိုး၊ လျှပ်စစ်မီးပူနှင့် ကွန်ပျူတာ စသည့်လျှပ်စစ်နှင့် ဆိုင်သော ပစ္စည်းများကိုလည်း ခလုတ်ပိတ်၍ ပလပ်ဖြုတ်ထားသင့်ကြောင်း ထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။
ပြည်သူလူထုများ အနေဖြင့်ထူးခြား ရာသီဥတု ဖြစ်စဉ်အခြေအနေများ၊ ဘေးအန္တရာယ် ဖြစ်ပေါ်နိုင်မှု အခြေအနေ သတင်း ထုတ်ပြန်ချက်များကို စဉ်ဆက်မပြတ် လေ့လာ သတင်းရယူ၍ ကြိုတင် ပြင်ဆင်မှုများ ဆောင်ရွက်နိုင်ကြပါရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ အထူးမေတ္တာရပ်ခံ အသိပေး နှိုးဆော်အပ်ပါသည်ဟု သတိပေးချက် ထုတ်ပြန်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.